အောက်တိုဘာ -၁၀ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဆိပ်ဖြူ-ဆောလမ်းပိုင်းအနီးက ထိန်ကန်နဲ့တမာချောင်ကျေးရွာကို အာဏာသိမ်းစစ်တပ်က အင်အား ၁၀၀ ကျော်နဲ့ အောက်တိုဘာ ၈ ရက် မနက်အစောပိုင်းမှာ ၀င်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
“ပြည်သူတစ်ဦး ၊ PDF ရဲဘော် ၄ဦး သတ်ခံလိုက်ရတယ်။ရွာထဲစစ်ကြောင်း၀င်လို့ ပြည်သူတွေကို ကယ်ဖို့ သွား ထုတ်ရင်း ကင်းပုန်းနဲ့တိုးတာ”လို့ ဆိပ်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ တပ်ခွဲမှူး ဗိုလ်မထားအပါအ၀င် ရဲဘော် ၁၁ ဦး၀န်းကျင် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောင်းက ဆိပ်ဖြူမြို့ကို ပြန်ဆုတ်သွားတယ်လို့ အသိပေးပါတယ်။
” ဗိုလ်မထား ဖမ်းခံရတာတော့ ဟုတ်တယ်။သေသလား၊ရှင်သလား မသိရသေးဘူး”လို့ ဆိပ်ဖြူမြို့နယ် တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပခုက္ကူခရိုင် တပ်ရင်း(၁၉) တာ၀န်ရှိသူထံလူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )နဲ့ လေကြောင်းရန်ကာ ကွယ်ရေးတပ် ယာဉ်တန်းတွေ တိုက်ခိုက်ခံရတာနဲ့ ဗိုလ်ကြီးတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တာကြောင့် စစ်တပ်က ဇူလိုင်ကစပြီး ဆိပ်ဖြူမြို့နယ်ကို စစ်ကြောင်း ထိုးနေတာဖြစ်ပါတယ်။
အထူးသဖြင့် ဆိပ်ဖြူနယ်ထဲက ပုသိမ်-မုံရွာ ၊ဆော -ဆိပ်ဖြူ နဲ့ ဆိပ်ဖြူ- ပေါက် လမ်းပိုင်းတွေမှာ စစ်တပ်က အင်အား ၅၀၀ ၀န်းကျင်နဲ့ ကင်းပုန်းတွေချတာ၊ စစ်ကြောင်းထိုးတာတွေ ကြောင့် တော်လှန်ရေးတပ်တွေနဲ့ မကြာခဏ ထိတွေ့မှုရှိတယ်လို့လည်း သိရပါတယ်။



















































