စက်တင်ဘာ-၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring
ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန် ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်(ခ) အငြိမ်းစားတပ်ကြပ်ကြီး လှမြင့်ဦးဆိုသူဟာ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူဖမ်းပြီး စစ်မှုထမ်းရောင်းစားသူတွေ ဆိုးရွားနေပြီး စက်တင်ဘာ ၄ ရက်ကပဲ ၎င်းရပ်ကွက်ထဲက လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ၎င်းက ပြောပါတယ်။
” ၄ ရက်နေ့က ကျွန်တော့်ဘေးနားက အဆောင်မှာနေတဲ့ ကလေးလေးပေါ့နော်။ သူ့မိန်းမလေးက မွေးပြီးခါစလေး ရှိသေးတယ်။ အဲဒါကို အလုပ်အပြန်မှာ အတင်းကားပေါ် ဆွဲတင်သွားတယ်တဲ့။ ကလေးလေးက နေပြည်တော်ရောက်သွားပြီလို့ ကြားတယ်။ မနေ့က သူ့မိသားစုက ဖုန်းဆက်ပြီး လာပြောတယ်။ အလုပ်အပြန်မှာ လာပြီးတော့ဆွဲတင်သွားတယ်”လို့ ၎င်း စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Public Service Announcement
လူဖမ်းတဲ့အဖွဲ့တွေဟာ လူပြန်ပေးဆွဲဂိုဏ်းပုံစံဖြစ်လာနေပြီး တဖြည်းဖြည်းနဲ့ ဖောင်းပွပြီးတော့ လွန်လာပြီလို့ ၎င်းက ပြောပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ၎င်းအုပ်ချုပ်ရေးမှူးက ရုပ်သံနဲ့တကွ နှစ်ကြိမ်တိုင် ပြောကြားထားပါတယ်။
“ငါ့ရပ်ကွက်ထဲ လူငယ်တွေ အကုန်မှာထားတယ်။ ခုခံ ချ”လို့ ပြောဆိုထားပြီး အခြားရုပ်သံတစ်ခုမှာလည်း “ဖမ်းဆီးလို့ရှိရင် အဖမ်းမခံနဲ့။..တက်နိုင်ရင် ခုခံပြေး”လို့ ၎င်းက ထပ်မံပြောထားပါတယ်။
အဲဒီလိုဖမ်းဆီးမှုတွေဟာ စစ်တပ်နဲ့ အောက်ခြေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ပြည်သူ့စစ်ခေါ် ပျူစောထီးတွေ မသိဘူးလို့ ၎င်း အုပ်ချုပ်ရေးမှူးက ငြင်းဆိုပါတယ်။
ဒါပေမယ့် အင်းစိန်မြို့နယ်မှာ အရံမီးသတ်အရာရှိ နေအိမ်မှာ အချုပ်ခန်းပြုလုပ်ပြီး လူငယ်တွေကို စစ်တပ်ဆီ ရောင်းစားဖို့ ချုပ်နှောင်ထားမှု ထွက်ပေါ်လာပြီး ဖမ်းဆီးခံလိုက်ရပါတယ်။ အောက်ခြေမှာ အုပ်ချုပ်ရေးမှူးနဲ့ ၎င်းတို့ အဝေမတည့်ရာက အချင်းချင်းပြန်တိုင်ရာကနေ ပေါ်ပေါ်လာတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“မင်းကတော့ မလုပ်ဘူး ပြောတာပဲ။ တချို့အုပ်ချူပ်ရေးမှူးတွေက ဇိုးတွေနဲ့ ပေါင်းပြီး လုပ်စားနေတာရော မင်းသိလား”လို့ Tiktok သုံးစွဲသူတစ်ဦးက ၎င်းအုပ်ကြီးရဲ့ ဗွီဒီယိုအောက်မှာ မှတ်ချက်ပြုပါတယ်။
အလားတူ အခြား Tiktok သုံးစွဲသူတစ်ဦးကလည်း ၎င်းဗွီဒီယို အောက်မှာပဲ “လျှောက်ပြောမနေနဲ့ ထွေအုပ် ပလကဖ ပသစ တွေလုပ်နေတာ ခရိုင်မြို့နယ် ဒကစ ကစသိတယ်။ ရူးချင်ယောင်ဆောင်နေကြ”လို့ မှတ်ချက်ပြုထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေ၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့မှာလည်း နေ့စဥ်ပေါ်တာဆွဲနေလို့ အသွားအလာနည်းပါးနေတယ်လို့ သိရပါတယ်။

















































