တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။
စက်တင်ဘာ ၈ ရက်နေ့တုန်းက ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရို ဂျူနီယာဟာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ကျင်းပတဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ခုမှာ ပါဝင်ဆွေးနွေးရင်း မေးခွန်းတွေကို ဖြေကြားနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဖိုရမ် တာဝန်ရှိသူ တစ်ဦးက တရုတ်လိုလားသူ တစ်ယောက်ယောက် ပေးပို့လိုက်ဟန်ရှိတဲ့ စာတိုလေး တစ်စောင်ကို တီယိုဒိုရိုဆီ လာပေးခဲ့ပါတယ်။
စာထဲမှာတော့ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ တရုတ်နဲ့ ဖိလစ်ပိုင်ကြား အငြင်းပွားမှုကို ၂၀၁၆ ခုနှစ် ဇူလိုင်လတုန်းက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS)က ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာ ခုံသမာဓိရုံး (PCA)ရဲ့ စီရင်ဆုံးဖြတ်မှုအပေါ် တရုတ်က လက်ခံမှာ မဟုတ်တဲ့အကြောင်း ရေးသားထားပါတယ်။ အဲဒီ စာသားတွေဟာ ရေပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မကြာခဏ ထုတ်ပြန်ဖူးတဲ့ ကြေညာချက်တွေနဲ့ ဆင်တူနေပါတယ်။
တီယိုဒိုရိုဟာ အဲဒီစာရွက်လေးထဲက စာတစ်ကြောင်းချင်းစီကို အသံထွက် ဖတ်ပြလိုက်၊ သူ့သဘောထားကို တစ်ခွန်းပြောလိုက်နဲ့ စင်မြင့်ပေါ်မှာတင် တရုတ်ကို ထိုးနှက်ပါတော့တယ်။ စာထဲမှာက ၂၀၁၆ ခုံရုံး ဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ ဥပဒေတွေရဲ့ အခြေခံ မူတွေကို ချိုးဖောက်ထားရာ ရောက်နေလို့ တရားမဝင်သလို တရုတ်ကလည်း အသိအမှတ် မပြုဘူးလို့ ရေးသားထားပါတယ်။ “ဒါဆိုရင် ခင်ဗျားတို့ကိုယ်တိုင် လက်မှတ်ထိုး ပါဝင်ထားတဲ့ UNCLOS ကိုယ်တိုင်က နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တယ်လို့ ဆိုလိုတာလား”လို့ ဝန်ကြီးက မေးခွန်းထုတ်ခဲ့ပါတယ်။

Public Service Announcement
UNCLOS ဆုံးဖြတ်ချက်ကို တရုတ်က အသိအမှတ် မပြုသလို အဲဒီအပေါ် အခြေခံတဲ့ တောင်းဆိုချက်၊ လုပ်ဆောင်ချက်တွေကိုလည်း လက်ခံမှာ မဟုတ်ဘူးလို့ စာထဲမှာ ရေးသားထားပြီး တီယိုဒိုရိုက “ဒါပေါ့။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ အမှုရှုံးသွားလို့လေ”လို့ တုံ့ပြန်ခဲ့ပါတယ်။
UNCLOSရဲ့ ခုံရုံးဆုံးဖြတ်ချက်ကတော့ တောင်တရုတ်ပင်လယ် ရေပြင် တစ်ခုလုံးနီးပါးကို နိုင်ငံပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်ရဲ့ Nine-dash line မြေပုံကို ပယ်ချထားခဲ့ပါတယ်။ တရုတ်ကတော့ သမိုင်းကြောင်းဆိုင်ရာ အထောက်အထားတွေကို တင်ပြပြီး တောင်တရုတ်ပင်လယ် တစ်ခုလုံးဟာ တရုတ်ရဲ့ ပိုင်နက် ဖြစ်သင့်ကြောင်း အခိုင်အမာ ပြောခဲ့ပါတယ်။ တရားရုံးကတော့ တရုတ်ဟာ UNCLOS သဘောတူညီချက်တွေမှာ ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်တာကြောင့် UNCLOSက အသိအမှတ် ပြုပေးထားတဲ့ နိုင်ငံတကာ ရေပိုင်နက် ပိုင်းခြားသတ်မှတ်မှုကို ဘောင်ကျော်ခွင့် မရှိဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဖိုရမ်မှာ မေးခွန်းတွေ ဖြေပေးနေတဲ့အချိန်မှာ အခုလို စာမျိုး သူ့ဆီကို ရောက်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တီယိုဒိုရိုက ကျင့်ဝတ်ပိုင်း ရှုထောင့်ကနေ တရုတ်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ “နိုင်ငံတကာ ဖိုရမ်တစ်ခုမှာ ပေးထားတဲ့ မေးခွန်းနဲ့ ဘာမှမဆိုင်ဘဲ အခုလို စာမျိုး ပေးပို့လာတဲ့ နိုင်ငံတစ်ခုကို ဘယ်လို ဆက်ဆံရမလဲ။ အခုလုပ်ရပ်ဟာ ဖိုရမ်ကို စီစဉ်ပေးသူတွေကိုပါ လေးစားမှု ကင်းမဲ့တာ ဖြစ်တယ်”လို့ ဝန်ကြီးက ဆိုပါတယ်။
“တရုတ်ဟာ ယဉ်ကျေးပျူငှာမှုနဲ့ အခြေခံ လူ့ကျင့်ဝတ်တွေကို နည်းနည်းတော့ သင်ယူဖို့ လိုအပ်နေပါပြီ”လို့ သူက ဆက်ပြောတဲ့အခါ ဖိုရမ်တက်ရောက်လာသူတွေက လက်ခုပ်တီးပြီး ဩဘာပေးခဲ့ကြပါတယ်။ အဲဒီနောက် သူက “နည်းနည်းလောက်တော့ ယဉ်ကျေးကြ၊ နည်းနည်းလောက်တော့ အရှက်ရှိကြပါ”လို့ အဓိပ္ပါယ်ရတဲ့ ဖိလစ်ပိုင် စကားကိုပါ တရုတ်ကို ရည်ညွှန်းပြီး ထည့်ပြောသွားပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးနီးပါးကို ပိုင်နက်အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပြီး အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဖိလစ်ပိုင်နဲ့ အတော်လေး တင်းမာနေပါတယ်။ နှစ်နိုင်ငံ ကမ်းခြေစောင့် တပ်တွေဟာ ရေပြင်မှာ မကြာခဏ ထိပ်တိုက်တွေ့ကြသလို နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရန်ပြုတာတွေထိ ရှိခဲ့ပါတယ်။
တရုတ်ရဲ့ လုပ်ရပ်တွေက ဘယ်လောက်ထိ ကမူးရှူးထိုး ဖြစ်နေသလဲ ဆိုတာကို ပြသနေတဲ့ အမှတ်တရ တစ်ခုအဖြစ် အခုစာကို သူသိမ်းထားမယ်လို့လည်း တီယိုဒိုရိုက ပြောကြားသွားပါတယ်။ တောင်တရုတ်ပင်လယ် အရေးကို အမှားအမှန် ခွဲခြားဖို့ခက်တဲ့ မီးခိုးရောင် ဇုန်တစ်ခုလို ရှုမြင်လို့ မရဘဲ တရုတ်ရဲ့ အကျပ်ကိုင်မှု၊ အနိုင်ကျင့်မှုနဲ့ ရန်လိုမှု သက်သက်သာ ဖြစ်တယ်လို့လည်း သူက ဝေဖန် ထိုးနှက်သွားပါတယ်။
စာကို ပေးပို့သူကို ရည်ညွှန်းပြီးလည်း တီယိုဒိုရိုက “စာကို ပေးပို့တဲ့ ပုဂ္ဂိုလ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျားကတော့ ကိုယ့်နိုင်ငံအတွက် အင်မတန် ကြီးကြီးမားမား အကျိုးတော် ဆောင်ပေးလိုက်တာပါပဲ။ ဒီလုပ်ရပ်ကြာင့် ခင်ဗျား အလုပ်ကြမ်း အကျဉ်းစခန်းထဲ ရောက်မသွားဖို့လည်း ဆန္ဒပြုပါတယ်”လို့လည်း အငေါ်တူးသွားခဲ့ပါတယ်။
ဖိုရမ်ကို စီစဉ်သူတွေကတော့ အဲဒီစာဟာ ဆိုးလ်မြို့မှာရှိတဲ့ တရုတ်သံရုံးရဲ့ တရုတ်စစ်ဘက်ဆိုင်ရာ သံအရာရှိ တစ်ဦးဆီက ပေးပို့ခဲ့တာလို့ ပြောပါတယ်။ တီအိုဒိုရိုက မေးခွန်းတွေ ဖြေနေချိန်မှာပဲ အဲဒီစာကို သွားပေးဖို့ တရုတ် သံအရာရှိက ဖိုရမ်ရဲ့ လုပ်အားပေး ဝန်ထမ်းတစ်ဦးကို တောင်းဆိုခဲ့တာလို့ သိရပါတယ်။
တီယိုဒိုရိုက ဖိလစ်ပိုင်ဟာ UNCLOSရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် လေးစားလိုက်နာသွားမှာဖြစ်ပြီး နိုင်ငံရဲ့ နယ်မြေ ပိုင်ဆိုင်ခွင့်နဲ့ အချုပ်အခြာ အာဏာအတွက် လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးလို့လည်း ဖိုရမ်မှာ ပြောကြားသွားခဲ့ပါတယ်။
ကိုးကား: Inquirer

















































