Connect with us

Hi, what are you looking for?

သတင်း

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅,၀၀၀ စီပေးမယ်လို့ ထရမ့် မဲဆွယ်

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဓာတ်ပုံ - Reuters

စက်တင်ဘာ – ၁၀ ၊၂၀၂၆

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာ ၉ ရက်နေ့တုန်းက ဒဲလက်စ်မြို့မှာ မဲဆွယ်မိန့်ခွန်း ပြောကြားရာမှာ ထရမ့်က ရီပတ်ဘလစ်ကန်တွေသာ ဆက်ပြီး အနိုင်ရမယ်ဆိုရင် အရွယ်ရောက်ပြီး အမေရိကန် နိုင်ငံသားတိုင်း ဒေါ်လာ ၅၀၀၀ လောက် ရမယ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ အဲဒီ အစီအစဉ်ဟာ လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုရင် ဒေါ်လာ တစ်ထရီလီယံလောက် ကုန်ကျနိုင်တယ်လို့ သုံးသပ်ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ မဲဝယ်ယူသလို ဖြစ်နေတာကြောင့် ကျင့်ဝတ်ပိုင်း မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။ ပြီးတော့ ရီပတ်ဘလစ်ကန် ပါတီဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စိတ်တွေ ဘယ်လောက်များနေသလဲ ဆိုတာကိုလည်း အခုကိစ္စက မြင်သာလာစေပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ရီပတ်ဘလစ်ကန် ပါတီဟာ သမ္မတကို တင်မြှောက်ခွင့် ရထားသလို အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ အင်အား အသာစီး ယူထားနိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်စတင်ခဲ့တဲ့ အီရန်စစ်ပွဲကို အဆုံးမသတ်နိုင်သေးတာ၊ ကုန်စျေးနှုန်းတွေ ကြီးမြင့်လာတာနဲ့ တခြားစိန်ခေါ်မှုတွေက လာမယ့်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ အနိုင်ရရေး ခက်ခဲလာစေပါတယ်။

ထရမ့်ကတော့ ပါတီကို ထောက်ခံသူတွေကို မိန့်ခွန်းပြောရာမှာ ရွေးကောက်ပွဲကျရင် သူကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်တယ်လို့ သဘောထားပြီး မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီရဲ့ အောင်ပွဲဟာ အားလုံးအတွက် အောင်ပွဲဖြစ်လာပြီး ဒေါ်လာ ၅၀၀၀ စီ ရကြမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

ရီပတ်ဘလစ်ကန်ပါတီ ရှုံးရင်တော့ အမေရိကန်ဟာ နယ်စပ်ရဲ့ အချုပ်အခြာ အာဏာ၊ လုံခြုံဘေးကင်းမှု၊ ချမ်းသာကြွယ်ဝမှုတွေကို ဆုံးရှုံးမယ့်အပြင် နိုင်ငံသားတွေ ခံစားခွင့် ရှိနေတဲ့ အခွန်လျှော့ပေါ့မှုတွေကိုပါ ဆုံးရှုံးလိမ့်မယ်လို့ သူက ပြောပါတယ်။

အဲဒီအခါ ဒီမိုကရက်တစ်ပါတီ ကြီးစိုးတဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကလို ငရဲကျနေတဲ့ အခြေအနေတွေ ပြန်တွေ့လာရမယ်လို့လည်း ထရမ့်က သတိပေးခဲ့ပါတယ်။ သူ့ရဲ့မိန့်ခွန်းထဲမှာ ထရမ့်က ဒီမိုကရက်တစ်တွေဟာ အစွန်းရောက်တွေလို့ တံဆိပ်ကပ်ခဲ့သလို အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ကာကွယ် ပြောဆိုသွားခဲ့ပါသေးတယ်။

သူ့ကို ထောက်ခံသူတွေ ရှေ့မှောက်မှာတော့ ထရမ့်က သူ့ရဲ့ ဒုတိယသက်တမ်း ပထမ ၂ နှစ်ဟာ ဘဏ္ဍာငွေကြေးနဲ့ တခြားကဏ္ဍ အားလုံးမှာ အမေရိကန် အစိုးရ တစ်ရပ်အနေနဲ့ အအောင်မြင်ဆုံး ကာလတွေ ဖြစ်ခဲ့တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစကား မှန်ကန်ကြောင်း ဘာအထောက်အထားမှတော့ ပြမသွားခဲ့ပါဘူး။

သူက အီရန် အစိုးရကို ဦးတည်ပြီး အခြေအနေတိုင်းကို ပေါ့ပေါ့ဆဆ သဘောမထားဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အမေရိကန်ဟာ အီရန်အပေါ် အရမ်းပြင်းပြင်းထန်ထန် တိုက်ခိုက်တာတွေ ထပ်ရှိလာနိုင်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

သူဟာ အီရန်စစ်ပွဲကြောင့် ရေနံစျေး အဆမတန် မြင့်တက်လာပြီး စီးပွားရေး ထိခိုက်မှုတွေ ဖြစ်လာတာကိုတော့ မလွှဲမရှောင်သာ သဘောမျိုး အသိအမှတ်ပြု ဝန်ခံသွားပါတယ်။ ဒါပေမဲ့ အီရန်ဟာ နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ နှစ်ပတ်၊ သုံးပတ်လောက်သာ လိုတော့တဲ့ထိ နီးစပ်လာတဲ့အတွက် စစ်ပွဲကို မဖြစ်မနေ စတင်ခဲ့ရပါတယ် ဆိုတာမျိုး ထရမ့်က ပုံဖော်သွားပါတယ်။

ထရမ့်ဟာ စက်တင်ဘာ ၁၀ ရက်မှာလည်း မိန့်ခွန်းထပ်ပြောမှာ ဖြစ်ပေမယ့် ခပ်တိုတိုပဲ ပြောတော့မယ်လို့ ဆိုပါတယ်။ အရေးအကြီးဆုံးက ကြားဖြတ်ရွေးကောက်ပွဲမှာ သူကိုယ်တိုင် ဝင်ပြိုင်တယ်လို့ သဘောထားပြီး ထောက်ခံသူတွေက မပျက်မကွယ် မဲပေးကြဖို့ တောင်းဆိုချင်တာဖြစ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား – New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ လုပ်ငန်း အခြေမစိုက်ရင် လေယာဉ်တွေ ရောင်းချခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ကနေဒါ လေယာဉ်ကုမ္ပဏီ Bombardierကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။