Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေကဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၀၀ကျော်မှာ ဗိုလ်ကြီး ၂ဦးပါဟု KIA ပြော

ဖမ်းမိ စစ်မှုထမ်းတပ်သားသစ်တွေမှာ အသက်မပြည့်သေးသူတွေလည်း ပါဝင်

(စစ်သင်္ဘောတွေကဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ။ ဓာတ်ပုံ - Screengrab)

စက်တင်ဘာ-၁၀၊၂၀၂၆။ထားမြတ်၊ကတ်သရင်း/People’s Spring

ကချင်ပြည်နယ်၊ရွှေကူ-ဗန်းမော်ရေကြောင်းတိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင် စုစုပေါင်း ၁၅၁ ဦးရှိရာ ဗိုလ်ကြီး ၂ဦး အပါအဝင် သန္ဓေတပ်ဖွဲ့ဝင်နဲ့ စစ်မှုထမ်း တပ်သားစုစုပေါင်း ၁၁၈ဦး ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

စက်တင်ဘာ၂ရက်မနက်အစောမှာရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောအချို့ ကျည်ထိမှန်ပြီး ဆက်လက်ခရီးမဆက်နိုင်ဘဲ ရပ်တန့်သွားလို့ အဖမ်းခံခဲ့တာလို့​ဖော်ပြပါတယ်။

အဖမ်းခံရသူ ၁၅၁ဦးအနက် ဗိုလ်ကြီး ၂ဦး၊ အရာခံဗိုလ် ၅ဦး၊ တပ်ကြပ်ကြီး ၁၄ဦး၊ တပ်ကြပ်၁၂ဦး၊ဒုတပ်ကြပ် ၁၆ဦး၊တပ်သား ၃၅ဦး စုစုပေါင်းစစ်သား ၈၄ဦး၊ စစ်မှုမထမ်းမနေရ ဥပဒေနဲ့ စစ်သားစုဆောင်းခံထားရတဲ့ လူငယ် (ပြည်သူ့စစ်) ၃၄ဦး ပါဝင်ကြောင်း ဖော်ပြပါတယ်။ စစ်မှုထမ်း တပ်သားတွေထဲမှာအသက်မပြည့်သေးတဲ့သူတွေလည်းပါဝင်​နေကြောင်း ​အသိ​ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်အမျိုးသမီး ရဲမေတာဝန်ထမ်းဆောင်နေတဲ့ စစ်တပ်မိသားစုဝင် ၁၇ဦးနဲ့ သူတို့ရဲ့ ကလေးငယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။သင်္ဘောကြုံနဲ့လိုက်တဲ့ အရပ်သား ၈ဦးလည်း ပါဝင်ပြီး လတ်တလော သူတို့ကို ထိန်းသိမ်းထားကြောင်း ​ဖော်ပြပါတယ်။

စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေက စစ်သင်္ဘော​တွေလက်နက်ချပြီး စစ်သုံ့ပန်း​တွေဖမ်းဆီးခံရတယ်ဆိုတာမဟုတ်​​ကြောင်း ၊အွန်လိုင်း​ပေါ်ပျံ့နှံ့​နေတဲ့ဗီဒီယိုဖိုင်​​တွေကအစစ်အမှန် မဟုတ်ဘဲ ဖမ်းဆီးခံရသူ​တွေဟာကျား​ဖောင်လုပ်သား​တွေဖြစ်တယ်လို့ဆက်တိုက်ဝါဒဖြန့်ခဲ့ကြပါတယ် ။အဒီ​နောက်စက်တင်ဘာ၁၀ရက်မှာKIO/KIAရဲ့လိုင်ဇာTVကတဆင့် စစ်သုံ့ပန်းစာရင်းကိုတရာဝင်ထုတ်ပြန်လာတာဖြစ်ပါတယ်။

“အဲဒီ ၁၅၁ဦးကိုတော့ အပြည်ပြည်ဆိုင်ရာ စစ်သုံ့ပန်းတွေရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုံလုံခြုံခြုံနဲ့ သူတို့ကို ကျနော်တို့ ပြုစုထားပါတယ်”လို့ KIO/KIAသတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖမ်းမိစစ်သုံ့ပန်းတွေကို သီးသန့်နေရာတွေကို ရွှေ့ပြောင်းထားရှိပြီး နိုင်ငံတကာ စစ်သုံ့ပမ်းဥပဒေနဲ့အညီ စောင့်ရှောက်ပြုစုထားကြောင်း KIAက သတင်းဖော်ပြပါတယ်။

“စစ်သုံ့ပမ်းတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးစစ်သား လေးယောက်ပါတာလည်း ကျွန်တော်တို့တွေ့ရတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာလူဦးရေ အသည်းအသန်လိုအပ်နေပြီးတော့ နိုင်ငံတကာဥပဒေတွေကိုလည်း လိုက်နာခြင်းမရှိပဲနဲ့ ကလေးစစ်သား တွေကို အဓမ္မ စစ်သားစုဆောင်းပြီးတော့ ရှေ့တန်းကိုစေလွှတ်နေတဲ့သဘောတွေလည်း တွေ့ရမှာဖြစ်ပါတယ်ဗျ။နောက်တစ်ခုက အမျိုးသမီး တွေရော ကလေးတွေရော အပါအဝင် ဒီလိုမျိုး အန္တရာယ်အရမ်းများတဲ့ နေရာကို လူသားချင်းစာနာမှု ကင်းမဲ့စွာနဲ့ လွှတ်တယ်‌ဆိုတဲ့ ကိစ္စကလည်း အင်မတန်မှ ယုတ်ညံ့တဲ့အလုပ်ဖြစ်တယ်”လို့ အမျိုးသားညီညွတ်​ရေးအစိုးရ ၊ဝန်ကြီးချုပ်ရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​နေဘုန်းလတ်ကလည်း​ပြောပါတယ်။

ဒါ့အပြင်ဖမ်းမိထားတဲ့ အထဲမှာ မတ္တရာမြို့နယ်က နေ စစ်တပ်က‌ စစ်မှုထမ်းထည့်ထားတဲ့ တပ်သားသစ် ၁၀ဦး ထက်မနည်းပါတယ်လို့ စစ်ရေး သတင်းအရင်းမြစ် တွေက ပြောပါတယ်။စစ်တပ်ကမတ္တရာမြို့နယ်ကို၂၀၂၅စက်တင်ဘာလမှာပြန်လည်ထိန်းချုပ်လိုက်ပြီးတဲ့ နောက် လူငယ်​တွေကို အဓမ္မစစ်သားသစ်စု​ဆောင်းခဲ့တယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

စက်တင်ဘာ ၂ရက်တိုက်ပွဲမှာ စစ်ကောင်စီ သင်္ဘောအချို့ မြစ်ထဲ နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်ပါ လူအချို့ မြစ်ကမ်းဘေး သို့ ရေကူးလွတ်မြောက်သူရှိသလို အချို့ ရေနစ်သေဆုံးတာရှိကြောင်းလည်း ဖော်ပြပါတယ်။

တိုက်ပွဲအပြီးရုပ်အလောင်းနဲ့ အသုံးအဆောင်တွေ မြစ်ရေအတွင်း မျောပါနေတာ တွေ့ရတယ်လို့လည်း သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ဇင်းဘုံ၊ စင်းခန်း၊ ဗန်းမော်နဲ့ ဧရာ၀တီမြစ်ရိုးတလျှောက်ကို စစ်တပ်က နေ့စဉ် လေယာဉ်ဗုံးကြဲနေသလို မြေပြင်တိုက်ပွဲပြင်းထန်နေတယ်လို့ KIAက အသိပေးပါတယ်။ ဧရာ၀တီမြစ်ကူးတံတား ဖြစ်တဲ့ စင်းခန်းတံတားကိုလည်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလိုက်လို့ ခရီးသွားပြည်သူတွေအခက်တွေ့နေရကြောင်း လည်း KIAက ဖော်ပြပါတယ်။

စစ်တပ်က ဗန်း​​မော်မြို့ကိုစစ်ကူနဲ့လက်နက်ခဲယမ်းရိက္ခာ​တွေ ပို့နိုင်ဖို့အတွက် သြဂုတ်လကုန်ပိုင်း နဲ့ စက်တင်ဘာ လဆန်းမှာ စစ်သင်္ဘောအုပ်စုနှစ်ခု​စေလွှတ်ခဲ့တာမှာKIA ပူးပေါင်းတပ်တိုက်ခိုက်မှု​ကြောင့် ပထမအသုတ်က စစ်သင်္ဘော ၁၂ စီးထက်မနည်း ၊ဒုတိယအသုတ်က၂ စီးထက်မနည်းကိုဖျက်ဆီးထားပါတယ်။ဒုတိယစစ်သင်္ဘောအသုတ်ကျန် စစ်သင်္ဘော၄ စီးဟာ ရွှေကူမြို့မှာပဲရှိ​​​နေသေးပြီးဗန်း​မော်ကိုမတက်နိုင်​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုတွေရှိသလို လက်နက်ချ အညံ့ခံတာတွေလည်းရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

နှစ်ပတ်အတွင်း စစ်သင်္ဘော ၁၄စီးကို KIA ပူးပေါင်းတပ် တိုက်ခိုက်ဖျက်ဆီးထား

သတင်း

တိုက်ခိုက်ရေးသင်္ဘော ၂စီး နစ်မြုပ်၊ ကုန်သင်္ဘော မီးလောင်

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ကမ်းကပ်နားနေတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ စက်တင်ဘာ ၉ရက်မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂စီး မီးလောင်ပျက်စီးခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။