စက်တင်ဘာ ၁၀၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေက ပေါ်တာဆွဲတာတွေ၊ ရပ်ကွက်တွေထဲ စစ်မှုထမ်းမဲနှိုက်ခေါ်ယူတာတွ ပြုလုပ်နေတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကပဲ စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးကို The First Mandalay Event Park မှာ ပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာ ၃ ရက်မှာလည်း အဆိုတော် ဘန်နီဖြိုးက စိုင်းစိုင်းခမ်းလှိုင် စတိတ်ရှိုးပြုလုပ်ခဲ့တဲ့နေရာမှာပဲ စတိတ်ရှိုး ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် လာမယ့် စက်တင်ဘာ ၁၃ ရက်မှာ စမ်းရေမိုးဇာတ်အဖွဲ့က အာဏာသိမ်းစစ်တပ်ရဲ့ ခန်းမကြီးတစ်ခုဖြစ်တဲ့ ၇၈ လမ်းနဲ့ ၃၈ လမ်းထောင့်က ရတနာပုံခန်းမမှာ ဖျော်ဖြေပွဲ ပြုလုပ်မှာ ဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။ အဆိုပါခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ဖူးပြီး လူငယ်တွေ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံခဲ့ရတဲ့နေရာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။

Public Service Announcement
ဇာတ်မင်းသား အောင်ဇမ္ဗူကလည်း အမရပူရမြို့မှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၉ ရက်အထိ ဖျော်ဖြေပွဲပြုလုပ်မှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဇာတ်မင်းသား သူရဝင်းထွဋ်ကလည်း အောင်ပင်လယ် ၅၁ လမ်းမှာ စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဥ်ထားကြောင်း ကြေညာထားပါတယ်။
အဲဒီဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး မန္တလေးမြို့က မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က အဖွဲ့ဝင်တစ်ဦးက “ပွဲအကြီးအကျယ်လုပ်နေတဲ့အပေါ်မှာကျွန်တော့်တစ်ဦးတစ်ယောက်ထဲရဲ့အမြင်ကတော့ ဒါဟာစစ်တပ်ရဲ့ နည်းဗျူဟာတစ်ခုပါပဲ။ ဘာလို့အဲ့လိုပြောရလည်းဆိုတော့ ပွဲကပြန်လာမယ့်လူငယ်လူရွယ်တွေကိုအရိပ်ထဲကနေ ကြက်ကလေးငှက်ကလေးဖမ်းသလို လွယ်လွယ်ကူကူနဲ့ ဖမ်းလို့ရပါတယ်။ နောက်ပြီးပျော်ပွဲရွှင်ပွဲသွားလာကြသူတွေကိုပြောချင်တာကတော့ လူငယ်လူငယ်အရွယ်ချိန်မှာ ပျော်တာပါးတာလက်ခံပါတယ်။ ကျွန်တော်တို့လည်း၂၀ကျော်လူငယ်လေးတွေပါပဲ။ သို့ပေမယ့်အပျော်အပါးဆိုတာ အခြေနေအချိန်အခါ ကြည့်ပြီးပျော်ရမှာမို့ဆင်ဆင်ခြင်ခြင်ပျော်ပါ။ ဒီစကားလေးကိုတော့နားလည်ပေးစေချင်ပါတယ်။ ကိုယ့်အိမ်တံခါးမခေါက်သေးသရွေ့ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ လုပ်ရပ်မျိုးရှောင်ကျဥ်ထားကြဖို့ မြို့ပေါ်ကလူငယ်တွေကိုပြောကြားချင်ပါတယ်”လို့ ပြောပါတယ်။
မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲတာ၊ စစ်မှုထမ်း မဲနှိုက်ခေါ်ယူတာတွေအပြင် ပုဂ္ဂလိက လုပ်ငန်းတွေက ဝန်ထမ်းစာရင်းတွေပါ တောင်းယူလာလို့ ဝန်ထမ်းအချို့ အလုပ်ကထွက်ပြီး နယ်ပြန်တာတွေပါ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဝန်ထမ်းက ရှားနေတဲ့အချိန် ခုလိုလုပ်တော့ အလုပ်တွေရပ်ရခါနီးနေပြီ။ အကုန်လုံးငတ်အောင်လုပ်နေတာ”လို့ မန္တလေးမြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုစက်တင်ဘာလမှာ စစ်မှုထမ်း အပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။



















































