တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။
စက်တင်ဘာ ၁၀ ရက်က ချင်းဒေါင်မြို့က တရုတ်အစိုးရပိုင် သင်္ဘောကျင်း တစ်ခုမှာ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ကုန်တင်သင်္ဘောတစ်စီး မီးလောင်ခဲ့တာလို့ တရုတ် အစိုးရ မီဒီယာ ဖော်ပြခဲ့ပါတယ်။
ချင်းဒေါင်ဘေဟိုင် သင်္ဘောကျင်းမှာ အဲဒီရေယာဉ်ကို စစ်ဆေးမှုနဲ့ မွမ်းမံပြုပြင်မှုတွေ လုပ်နေတဲ့အချိန် မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးလောင်ချိန်မှာ သင်္ဘောပေါ် လူ ၄၂ ဦး ရှိနေတဲ့အနက် ၂၅ ဦးသေ၊ ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁၂ ဦးကိုတော့ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဒဏ်ရာရသူ ၅ ယောက်ကို ဆေးရုံ တင်ပို့ပေးထားပါတယ်။
တရုတ် အစိုးရ မီဒီယာက မီးလောင်တဲ့ သင်္ဘောရဲ့ နာမည်ကို မဖော်ပြပေမယ့် ရေကြောင်းသွားလာမှု လမ်းကြောင်းပြ မှတ်တမ်း ဝက်ဘ်ဆိုက်တွေအရ လိုက်ဘေးရီးယားအလံ လွှင့်ထူထားပြီး တရုတ်ကုမ္ပဏီ Huili Shippingက ပိုင်ဆိုင်ကြောင်း သိရပါတယ်။ အဲဒီရေယာဉ်ဟာ သက်တမ်း နှစ် ၂၀ လောက်ရှိပြီဖြစ်ပြီး သင်္ဘောကျင်းမှာ ဩဂုတ် ၃၁ ရက်နေ့က စတင်ဆိုက်ကပ်ထားခဲ့တာလို့လည်း ဆိုပါတယ်။

Public Service Announcement
တရုတ် သမ္မတ ရှီကျင့်ဖျင်က ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို ညွှန်ကြားထားပါတယ်။
သင်္ဘောမီးစလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ သင်္ဘောကျင်း တဝိုက်မှာ နေထိုင်သူတွေကတော့ မီးမလောင်ခင် ပေါက်ကွဲသံ တစ်ခုခု မကြားခဲ့ရသလို ဓာတ်ငွေ့တစ်မျိုးမျိုး ယိုစိမ့်တဲ့ အနံ့အသက်လည်း မရဘူးလို့ ပြောပါတယ်။
ချင်းဒေါင်ဘေဟိုင် သင်္ဘောကျင်းဟာ တရုတ်အစိုးရပိုင် ရေယာဉ်တည်ဆောက်မှု ကော်ပိုရေးရှင်း CSSCရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပါတယ်။ CSSCဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး သင်္ဘောတည်ဆောက်ရေး လုပ်ငန်းတွေထဲက တစ်ခုပါ။
၂၀၂၂ ခုနှစ်တုန်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ချင်းဒေါင်ဘေဟိုင် သင်္ဘောကျင်းဟာ တစ်နှစ်အတွင်း ပျမ်းမျှ သင်္ဘောအရေအတွက် ၂၁၂ စီးလောက်ကို ပြင်ဆင်ပေးနေကြောင်း သိရပါတယ်။
ကိုးကား: Reuters



















































