ဂါဇာ ကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေပါ အများအပြား သေဆုံးမယ်ဆိုတာ သိလျက်နဲ့ အစ္စရေး စစ်တပ်က အသုံးပြုခဲ့တဲ့ တိုက်ခိုက်မှု နည်းလမ်းတွေအကြောင်း မှတ်တမ်းရုပ်ရှင်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ ရုပ်ရှင်ဟာ ဂါဇာစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးအရ အမည်မဖော်ပြတဲ့ အစ္စရေးစစ်တပ် အရာရှိနဲ့ အကြပ်စစ်သည် ၂၄ ဦးဆီက ထွက်ဆိုချက်တွေကို စုစည်း ဖော်ပြထားပါတယ်။ အဲဒီ အင်တာဗျူးတွေကို အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်ဗ်မြို့ရဲ့ အဆောက်အအုံ ခေါင်မိုးတွေမှာ ညအချိန် ရိုက်ကူးခဲ့တာပါ။ ပါဝင်ဖြေကြားသူတွေရဲ့ ရုပ်သွင်နဲ့ အသံတွေကိုလည်း ဖုံးကွယ်ပြောင်းလဲပေးထားပါတယ်။
အော်စကာဆုရှင် အစ္စရေး ဒါရိုက်တာတွေဖြစ်တဲ့ ယူဗဲလ် အေဘရာဟမ်နဲ့ ရေချယ်လ်ဇောတို့က ရိုက်ကူးပြီး Nazaလို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ကို ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်မှာ စက်တင်ဘာ ၁၀ ရက်နေ့က ပြသခဲ့ပါတယ်။ ပြီးတော့ ပွဲတော်ရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ Golden Lion ဆုအတွက်လည်း ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Naza ဆိုတာဟာ စစ်ဆင်ရေး တစ်ခုအတွင်း ထိခိုက်သေဆုံးနိုင်ခြေရှိတဲ့ အရပ်သားတွေကို ရည်ရွယ်တဲ့ အတိုကောက် အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။ The Guardianက ထုတ်လုပ်ရေး တာဝန်ယူထားတဲ့ ရုပ်ရှင်မှာတော့ ပါလက်စတိုင်း အရပ်သားတွေကို စောင့်ကြည့်တာ၊ အဝေးကနေ လုပ်ကြံသတ်ဖြတ်တာတွေမှာ ပါဝင်ခဲ့သူ အစ္စရေး စစ်တပ်နဲ့ ထောက်လှမ်းရေး အရာရှိတွေဆီက အသေးစိတ် ထွက်ဆိုချက်တွေလည်း ပါဝင်လာပါတယ်။

Public Service Announcement
အင်တာဗျူး ဖြေဆိုသူတွေက ဂါဇာမှာ အစ္စရေးစစ်တပ်က အရပ်သားတွေပါ သေဆုံးစေနိုင်တဲ့ စစ်ဆင်ရေးတွေမှာ ဘယ်လို လျှို့ဝှက် နည်းလမ်းတွေကို အသုံးပြုခဲ့သလဲ ဆိုတာကို အဓိက ရှင်းပြခဲ့ကြပါတယ်။ အဲဒီထဲမှာတော့ ရန်သူတော် ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ အောက်ခြေ၊ ဒါမှမဟုတ် ရာထူးနိမ့် တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြု ခန့်မှန်းတာ၊ ညအချိန်မှာ ပစ်မှတ်တွေရဲ့ နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာတော့ ပစ်မှတ်ရဲ့ မိသားစုဝင် အရပ်သားတွေပါ သေဆုံးမယ်ဆိုတာ အစ္စရေးစစ်တပ်က သဘောပေါက်ထားတယ်လို့ ဆိုပါတယ်။
အစ္စရေး စစ်တပ်ဟာ ပစ်မှတ်တွေရဲ့ ဖုန်းတွေကိုလည်း hackလုပ်ခဲ့ပြီး သုတ်သင်ရှင်းလင်းမှု မတိုင်ခင် နောက်ဆုံးမိနစ်ထိ ပစ်မှတ်တွေနဲ့ မိသားစုဝင်တွေ၊ ဇနီးနဲ့ ကလေးတွေ ဝိုင်းဖွဲ့ပြောဆိုနေတဲ့ စကားတွေထိ နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဂါဇာမှာ စစ်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးသွားပေမယ့် လူဦးရေ ၂၅ ရာခိုင်နှုန်းလောက် ကျန်နေသေးတယ်လို့ ယူဆရတဲ့ ရပ်ကွက်တွေကို အစ္စရေး စစ်သားတွေက ဝင်ရောက်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ စားနပ်ရိက္ခာ ဝေငှတဲ့ နေရာတွေမှာ အရပ်သားတွေကို ပစ်သတ်တာတွေ အကြောင်းကိုလည်း မျက်မြင်သက်သေ ထွက်ချက်တွေ အခုရုပ်ရှင်ထဲမှာ ပါဝင်လာပါတယ်။
အင်တာဗျူး ဖြေဆိုသူတွေထဲက တချို့က သူတို့ပါဝင် ပတ်သက်ခဲ့တဲ့ ကိစ္စတွေအတွက် နောင်တရနေပြီး တချို့ကလည်း နောင်တမရကြောင်း၊ တချို့ကတော့ ဂုဏ်ယူနေပုံမျိုးနဲ့ သေချာပြောပြခဲ့ကြောင်း အေဘရာဟမ်က သတင်းထောက်တွေကို ပြောပါတယ်။
အင်တာဗျူး ဖြေတဲ့သူတွေထဲမှာတော့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုရဲ့ ရုံးဆီကို တိုက်ရိုက် အစီရင်ခံရတဲ့ လျှို့ဝှက် ထောက်လှမ်းရေး ယူနစ်မှာ အလုပ်လုပ်သူတွေလည်း ပါဝင်ခဲ့ပါတယ်။
ရုပ်ရှင် ပြသအပြီးမှာတော့ ဧည့်ပရိသတ်တွေက မတ်တပ်ရပ်ပြီး ၂၅ မိနစ်နီးပါးလောက် လက်ခုပ်တီးခဲ့ကြတယ်လို့ Varietyက ဖော်ပြခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်က အထင်ကရ ရုပ်ရှင်ပွဲတော် အားလုံးမှာ အချိန်အကြာဆုံး လက်ခုပ်တီး ဂုဏ်ပြုမှု ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ ပရိသတ် တချို့ကလည်း ပါလက်စတိုင်း အလံတွေကို ကိုင်မြှောက် ပြထားခဲ့တာ တွေ့ရပါတယ်။
အစ္စရေး စစ်တပ်နဲ့ စစ်တပ် ထောက်ခံသူတွေကတော့ Nazaဟာ အစ္စရေး တပ်ဖွဲ့ဝင်တွေကို ကမ္ဘာ့အလယ်မှာ သိက္ခာချဖို့၊ အစ္စရေး စစ်တပ်အပေါ် အမုန်းတရား ဖြန့်ဝေဖို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းလို့ စွပ်စွဲ တုံ့ပြန်ခဲ့ပါတယ်။ ပြီးတော့ အဲဒီရုပ်ရှင်ကို ပြသခွင့် ပိတ်နိုင်အောင် နိုင်ငံတကာ ရုပ်ရှင် ပလက်ဖောင်းတွေနဲ့ ရုပ်ရှင်ရုံတွေကို အစ္စရေး အစိုးရဖက်က စတင် ဖိအားပေးနေပါတယ်။ အစ္စရေး လိုလားသူတွေကတော့ အဲဒီရုပ်ရှင်ကို မကြည့်ဖို့၊ သပိတ်မှောက်ဖို့၊ IMDbလိုမျိုး ရုပ်ရှင်အဆင့် သတ်မှတ်တဲ့ ဝက်ဘ်ဆိုက်တွေမှာ rating အနိမ့်ဆုံးပေးဖို့ အွန်လိုင်းကနေ ဆော်ဩ လှုပ်ရှားမှုတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။
ကိုးကား: Guardian



















































