စက်တင်ဘာ-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ဝန်းသိုမြို့နယ်အတွင်း ည ၁၀နာရီကနေ နံနက် ၄နာရီ အထိ ညမထွက်ရ အမိန့်ကို ဇူလိုင် ၁၃ရက်က ထုတ်ပြန်ခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၈ရက်မှာ ပြန်လည်ရုပ်သိမ်းကြောင်း ထုတ်ပြန်တာဖြစ်ပါတယ်။
ဒေသခံ ပြည်သူတွေအနေနဲ့ လိုအပ်သလိုသွားလာနေထိုင်နိုင်ပြီလို့ ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက အသိပေးထားပါတယ်။

Public Service Announcement
ဝန်းသိုမြို့နယ်နဲ့ ကောလင်းမြို့နယ်ကြားမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီက တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပါတယ်။
ကောလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ သစ်ဖုလတောင်ကို ဝန်းသိုမြို့က ခမရ(၁၀၁)နဲ့ ခမရ(၁၂၀)တပ်ရင်းက အင်အား ၂၀၀ခန့် ပို့ဆောင်ပြီး စစ်တပ်က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ကြတာပါ။ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်မှာ ထိခိုက်မှုရှိခဲ့သလို စစ်တပ်ကလည်း သေဆုံးမှုတွေလည်းများပြားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ရက်ကတိုက်ပွဲမှာ ခမရ(၁၂၀)တပ်ရင်းက တပ်ကြပ်ကြီး ထူးထူးနိုင်ဆိုသူအပြင် အဲဒီရက်ပိုင်းက တိုက်ပွဲတွေအတွင်း စစ်တပ်က ၇ဦးကိုလည်း ဖမ်းမိခဲ့ပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းခမရ (၁၁၁)နဲ့ ခမရ (၁၂၀)တပ်ရင်းကို လေကြောင်းကနေ အင်အားဖြည့်တင်းခဲ့ပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း တမူးမြို့နယ်မှာ ဒေသခံတွေအတွက် ပြည်သူကာကွယ်ရေးတပ်တွေရဲ့ လုံခြုံရေးသတိပေးချက်တွေ ရှိနေပါတယ်။တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က စက်တင်ဘာ ၁၇ရက်မှာ ထုတ်ပြန်ထားပါတယ်။
တမူးခရိုင်အတွင်းရှိ အာရှလမ်းမကြီးအပြင် မြို့နဲ့ ကျေးရွာချင်းဆက်လမ်းတွေ၊ တောလမ်းများ အသုံးပြုသွားလာရာမှာ အထူးသတိပြုကြဖို့နဲ့ စစ်တပ်တွေနဲ့ဝေးရာမှာ နေထိုင်ကြဖို့၊စစ်တပ်တွေနဲ့ ချိတ်ဆက်တာ၊စစ်တပ်ရဲ့ပစ္စည်းတွေ သယ်ယူပေးတာ၊ ပူးပေါင်းဆောင်ရွက်ထားမလုပ်ကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာရှိနေသူအားလုံး သတိဝိရိယနဲ့ သွားလာနေထိုင်ကြဖို့လည်း တိုက်တွန်းထားပြီး လိုက်နာမှုမရှိလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ဘူးလို့အသိပေးထားပါတယ်။


















































