စက်တင်ဘာ-၁၉၊၂၀၂၆။ရှိန်း/People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာတော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
စက်တင်ဘာလ၁၆ ရက်နေ့က သဲအင်းရွာနဲ့ကျွန်းကြီးရွာတွေမှာတပ်စွဲထားတဲ့ စစ်တပ်က သဲအင်းရွာ၊ယွန်းကျောင်းဆရာတော်ကို ဖမ်းဆီးပြီး လူဝတ်လဲကာ နေပူလှန်း ဝိုင်းဝန်းရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဒေသခံ တွေကပြောပါတယ်။
“ဒလန်တွေကဘုန်းကြီးကခံယူချက်ရှိတယ်လို့တိုင်တယ်လို့ ပြောတာပဲ။ဒီကျောင်းမှာပဲ ဒီကောင်တွေ (စစ်တပ်)ဝင်ထွက် နေပြီး ဘုန်းကြီးကိုဖမ်း၊ချက်ချင်းလူဝတ်လဲပြီး နှိပ်စက်တာတဲ့။အခုသေပြီ ပြောတာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
ကျောင်းထိုင်ဆရာ တော်ဟာ သက်တော် ၄၀ ဝန်းကျင်ရှိပြီး ဒေသခံ တွေက ဥူးဇင်းတင့်လွင်လို့ ခေါ်ကြတယ်လို့ သိရပါတယ်။စစ်တပ်က ဆရာတော်ကိုဖမ်းဆီးသတ်ဖြတ်ခဲ့သလို နောက်ထပ် ဒေသခံ၅ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။
အလားတူပဲ ကျွန်းကြီးရွာကစစ်တပ်ကလည်းဇီးကျွန်းရွာက ဒေသခံ၃ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ဒီဖြစ်စဉ် တွေဖြစ်ပြီးတဲ့ နောက် ဒေသခံ တွေဟာရွာအတွင်း မနေရဲတော့ဘဲ အများစုက ရှောင်တိမ်းနေထိုင် နေကြတယ်လို့ စုံစမ်းသိရပါတယ်။
စစ်အုပ်စုက ၂၀၂၅ခုနှစ်၊နှစ်ကုန်ပိုင်းမှာစဉ့်ကူးမြို့နယ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ရေလမ်းကြောင်းအနီးကရွာတွေမှာ တပ်စွဲထားကြပါတယ်။



















































