ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့က နယူးယောက်မှာရှိတဲ့ UN ဌာနချုပ် အဆောက်အအုံမှာ ထရမ့်က ၃၇ မိနစ်လောက်ကြာတဲ့ မိန့်ခွန်းကို ပြောခဲ့ရာမှာ သူ့အစိုးရရဲ့ မူဝါဒတွေကို အတော်လေး ကိုယ်ရည်သွေးသွားခဲ့ပြီး လက်ရှိ အမေရိကန်နဲ့ စစ်ဖြစ်နေတဲ့ အီရန်ကိုလည်း ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ခြိမ်းခြောက်သွားခဲ့ပါတယ်။
သူက အီရန်ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူဖို့ မကြိုးစားဘူးဆိုရင် အဆုံးစွန်ထိ ချေမှုန်း ဖျက်ဆီးတာ ခံရနိုင်တယ်လို့ ပြောပါတယ်။ သူ့အတွက်တော့ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ကြောင်း၊ အရင်ကထက် ပိုပြီး ခမ်းနားတဲ့ နိုင်ငံတစ်ခုအဖြစ် ပြန်လည် တည်ဆောက်ဖို့ အီရန်အတွက် သဘောတူညီမှု တစ်ခုကို ရယူစေမလား၊ ဒါမှမဟုတ် အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်ရမလား ဆိုတာကို ရွေးရတော့မှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။
သူက အီရန်ကို ချေမှုန်းပစ်ရမယ် ဆိုရင်လည်း ခပ်မြန်မြန် လုပ်ဆောင်နိုင်ပြီး အီရန် အစိုးရ အနေနဲ့ နောက်ထပ် ဘယ်သူ့ကိုမှ ရန်လို ဖျက်ဆီးလို့ မရနိုင်တော့တာ သေချာတဲ့ထိ ဖျက်ဆီးခံရမယ်လို့ ခြိမ်းခြောက်သွားပါတယ်။

Public Service Announcement
သူက ကုလသမဂ္ဂကို လက်ဝဲယိမ်းလာတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပုတ်ခတ်ခဲ့သလို အမေရိကန်ရဲ့ စစ်အင်အား ကြီးမားမှုကိုလည်း ကြွားဝါခဲ့သလို ပြိုင်ဘက်မရှိတဲ့ စစ်အင်အားမျိုးအဖြစ် ရည်ညွှန်းခဲ့ပါတယ်။ ပြီးတော့ အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ကို ဘယ်သူကမှ ရန်လို ခြိမ်းခြောက်ရဲတဲ့ အခြေအနေ မရှိတာ သေချာတဲ့ထိ စစ်အင်အား ဖြန့်ကျက်သွားမယ်လို့ ထရမ့်က ပြောပါတယ်။
ပြီးတော့ ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေတဲ့ အိမ်နီးချင်း ကျူးဘားနိုင်ငံကိုလည်း ထရမ့်က ထိုးနှက်ခဲ့ပြီး ငြင်းဆန်လို့ မရတဲ့ ကျရှုံးနိုင်ငံ တစ်ခုလို့ ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ အစိုးရဟာ ကျူးဘားမှာ အခြေအနေတွေ အလုံးစုံ ပြောင်းလဲသွားအောင် ကြိုးစားနေကြောင်း၊ ကျူးဘား အစိုးရဟာ မကြာခင် ပြိုလဲသွားမှာဖြစ်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။ အဲဒီအခါမှာတော့ ကျူးဘား ကိုယ်စားလှယ် အဖွဲ့ဟာ ခန်းမထဲကနေ ထွက်ခွာသွားပြီး ဆန္ဒပြခဲ့ကြပါတယ်။
ထရမ့်က ဉာဏ်ရည်တု (AI)နည်းပညာ တိုးတက်ရေးကို အင်တိုက်အားတိုက် ကြိုးစားနေတဲ့ သူ့အစိုးရရဲ့ မူဝါဒတွေကို ကာကွယ်ခဲ့သလို AIကိုလည်း စူပါဉာဏ်ရည် (Super Intelligence)ဆိုတဲ့ အသုံးအနှုန်းသစ် တစ်ခုနဲ့ ရည်ညွှန်းခဲ့ပါတယ်။ အတုဆိုတဲ့ စကားလုံး ပါနေတာက ဒီနည်းပညာရဲ့ စစ်မှန်မှု ဂုဏ်ရည်ကို ထိခိုက်စေနိုင်ကြောင်း၊ ဒါဟာ အတုမဟုတ်ကြောင်း၊ အင်မတန် ထူးကဲကြောင်း၊ ဒါပေမဲ့ နည်းပညာကဏ္ဍနဲ့ ပတ်သက်ရင်တော့ သတိထားဖို့ လိုအပ်ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။
စူပါဉာဏ်ရည် (SI)ရဲ့ ကမ္ဘာကြီးက ဖိတ်ခေါ်တယ်လို့ ထရမ့်က ပြောကြားခဲ့ပြီး AIဆိုတဲ့ ဝေါဟာရကို အသုံးအနှုန်း ပြောင်းလဲပစ်ဖို့ပါ အားထုတ်ခဲ့ပါတယ်။ သူက AI နည်းပညာ တီထွင်မှုတွေနဲ့ ပတ်သက်ရင် သတိထား ထိန်းကွပ်မှုတွေ သတ်မှတ်သင့်တယ်ဆိုတဲ့ စိတ်ကူးအားလုံးကိုလည်း ပယ်ချခဲ့ပါတယ်။
UN အထွေထွေ ညီလာခံ မိန့်ခွန်းမှာတော့ ထရမ့်က ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေး အစီအမံတွေကို အမေရိကန်က ထိန်းချုပ်ပိုင်ခွင့် သဘောတူညီမှု ရရှိခဲ့တဲ့ ကိစ္စကိုလည်း ချီးကျူးသွားပါတယ်။ အဲဒီ သဘောတူညီမှုကြောင့် အမေရိကန်ဟာ နိုင်ငံပိုင်နက်ကိုရော၊ ဥရောပကိုပါ ထိရောက်တဲ့ အကာအကွယ်တွေ ပေးနိုင်မှာ ဖြစ်တယ်လို့ ထရမ့်က ပြောကြားသွားပါတယ်။
ကိုးကား: Reuters



















































