Connect with us

Hi, what are you looking for?

ဆောင်းပါး

ဒါးကျွန်းရွာက ငိုသံတွေကို ဖုံးလွှမ်းသွားစေခဲ့တဲ့ မြင်းခြံမြို့ပေါ်က ဘုရားပွဲ

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ထွန်းညိုဦး/People’s Spring

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

၆ နှစ်တိတိ ပွဲလမ်းသဘင်တွေနဲ့ ဝေးခဲ့ရတဲ့ မြို့ခံတွေ၊ အာဏာသိမ်းကာလအစောပိုင်းမှာ မွေးဖွားခဲ့တဲ့ ကလေးသူငယ်တွေဟာ ဘုရားပွဲလှည့်တဲ့ယာဥ်တွေ၊ စတိတ်ရှိုးဖျော်ဖြေတာတွေကို မျက်လုံးအဝိုင်းသား ကြည့်နေခဲ့ကြတယ်။ မြင်းခြံမြို့ဟာ တကယ်ပဲ အေးချမ်းသွားပြီတဲ့လား။

တကယ်တော့ စတိတ်စင်ရှေ့မှာ ကခုန်နေတဲ့ လူငယ်တွေထဲက တစ်ယောက်ယောက်ကို ဆွဲခေါ်ပြီး မင်းနံပါတ်ဘယ်လောက်ပေါက်လဲလို့ မေးကြည့်လိုက်ပါ။ ဟုတ်ပါတယ်။ စစ်မှုထမ်းမဲနှိုက်ထားကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ ဘုရားသုံးဆူပွဲကာလမှာတင် မြင်းခြံမြို့မှာ မြို့လုံးကျွတ် စစ်မှုထမ်း မဲနှိုက်ထားကြရပါတယ်။ အဝေးရောက်နေတဲ့ လူငယ်​​တွေကအစ မဲနှိုက်ထားကြရတာပါ။

Public Service Announcement

Public Service Announcement

“စည်ကားနေတာတွေပဲမြင်ရတာကိုး။ ကျမတို့တော့မပျော်နိုင်ဘူးရှင်။ စစ်မှုထမ်းတွေကမဲနှိုက်ရ ပေါ်တာတွေကဆွဲနဲ့ ပူပင်သောကတွေများနေလို့ မြင်းခြံသူဖြစ်ပေမဲ့ အဲ့ပွဲလည်းတစ်ခေါက်မှ မရောက်ပါဘူးရှင်။ ဘယ်လိုလူတွေကများပျော်နိုင်ရတာလဲ စဥ်းစားမရဘူးရှင်”လို့ လူမှုကွန်ရက် သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုရေးသားထားတာ တွေ့ရတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အထူးသဖြင့် ၂၀၂၃ ခုနှစ် သီတင်းကျွတ်ကာလက စတင်ပြီး မြို့ကြီးအသီးသီးမှာ ပွဲလမ်းသဘင်တွေ၊ ဂီတဖျော်ဖြေပွဲတွေကို စစ်ကောင်စီက အားပေးကူညီပြီး ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ကျင်းပလာခဲ့ပါတယ်။ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ သင်္ကြန်ကာလတွေဟာ သာမန်ကာလတွေလိုပဲ ပွဲတော်အများဆုံး ဖြစ်ခဲ့တယ်။

အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံအတွင်း တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြို့ကြီးတွေမှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေပြီ၊ အေးချမ်းသာယာနေပြီဆိုတဲ့ ပုံရိပ်ကို ပြည်တွင်းနဲ့ နိုင်ငံတကာကို ပြသဖို့ ပွဲလမ်းသဘင်တွေကို စနစ်တကျ ဖန်တီးပြုလုပ်နေတာလို့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ကြပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေစတဲ့ အထွေထွေကျပ်တည်းမှုတွေကြားကနေ ပြည်သူတွေရဲ့ စိတ်ဓာတ်နဲ့ အာရုံစိုက်မှုတွေကို အပျော်အပါး ပွဲလမ်းသဘင်တွေဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အာရုံလွှဲပြောင်းဖို့ ကြိုးစားခဲ့တယ်။

သဘင်၊ ရုပ်ရှင်၊ဂီတလောကထဲက အနုပညာရှင်ဆိုသူတွေကလည်း အာဏာသိမ်းစစ်တပ်ရဲ့အလိုကျ ဝါဒဖြန့်မှုတွေမှာ အားတက်သရောနဲ့ ပါဝင်ခဲ့ကြတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေရဲ့ ပွဲလမ်းသဘင်တွေဟာ အာဏာသိမ်းစစ်တပ်အလိုကျ အောင်မြင်ခဲ့ပါတယ်။

မြင်းခြံမြို့ပတ်ပတ်မှာလည်း အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး မြင်းခြံနယ်ထဲက ပြည်သူတွေ အများအပြား သတ်ဖြတ်ခံထားရပါတယ်။ ကျေးရွာအများအပြားက နေအိမ်ထောင်ချီ မီးရှိူ့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီလို အခြေအနေကြားမှာပဲ

မြင်းခြံမြို့ပေါ်မှာ အားစမ်းတဲ့သဘော ပြန်လုပ်ခဲ့တဲ့ သုံးဆူဘုရားပွဲဟာလည်း အောင်မြင်ခဲ့ပါတယ်။ ကြိတ်ကြိတ်တိုးလည်း စည်ကားခဲ့ပါတယ်။ မနေ့က စက်တင်ဘာ ၂၃ ရက်မှာဆို သုံးဆူဘုရားပွဲ နောက်ဆုံးနေ့ဖြစ်တာကြောင့် လူတွေတိုးမပေါက်အောင် စည်ကားခဲ့တယ်။

မနေ့က မြင်းခြံမြို့ပေါ်မှာ ဘုရားပွဲနဲ့ စည်ကားနေတဲ့အချိန်ညနေ ၃ နာရီခွဲလောက်မှာ မြင်းခြံခမရ(၁၅)ကနေ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၂ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်လိုက်တယ်။ အဲဒီလက်နက်ကြီးတွေဟာ မြင်းခြံအနောက်မှာရှိတဲ့ ဒါးကျွန်းရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထဲ ကျပြီး အသက် ၇ နှစ်အရွယ် မောင်ပြည့်စုံဆိုတဲ့ KG ကျောင်းသားလေး သေဆုံးခဲ့ရပါတယ်။ သူတစ်ယောက်တည်းတင် မဟုတ်ပါဘူး။ အသက် ၈ နှစ်အရွယ် နှစ်တန်းကျောင်းသားလေး မောင်ဟိန်းဆက်နိုင်လည်း ပေါင်ကိုထိမှန်ဒဏ်ရာရခဲ့ပြီး အသက် ၁၅ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူ မအိခိုင်ကတော့ ခြေထောက်သွင်သွင် ကျိုးခဲ့ရပါတယ်။

ပွဲမစခင် လေးရက်လောက်အလို စက်တင်ဘာ ၁၇ ရက်ညနေပိုင်းကလည်း မြင်းခြံမြို့ ခမရ (၁၅) တပ်က ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့လို့ မြင်းခြံမြို့နယ် အရှေ့ခြမ်းက ကျေးရွာတစ်ရွာအတွင်း ကျရောက်ပြီး ဆေးလိပ်လိပ်နေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

ဒါးကျွန်းရွာ လက်နက်ကြီးကျတဲ့အသံကို မြင်းခြံမြို့ပေါ်က စတိတ်ရှိုးသံတွေက ဖုံးလွမ်းသွားခဲ့ပုံရပါတယ်။ နောက်ဆုံးညလည်း ဖြစ်တာကြောင့် ညသန်းခေါင်အထိ မြင်းခြံမြို့ပေါ်မှာ စည်ကားခဲ့တယ်လို့ သိရပါတယ်။ ဒါးကျွန်းရွာက ကလေးမိဘတွေကတော့ သေဆုံးတဲ့ကလေးအတွက် နာရေးပြင်ဆင်နေရလို့ ကျန်တဲ့ ဒဏ်ရာရ ကလေးနှစ်ဦးအတွက်လည်း ဆေးကုသဖို့ ကြိုးစားနေခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

Facebook