Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်ပွဲကြားက စာသင်ခန်း

ဗုံးခိုကျင်းတွေကြားမှာ ဆက်လက်သင်ယူနေတဲ့ မြန်မာကလေးများ၏ ပညာရေး

(ကရင်နီက​မြေ​အောက်စာသင်ခန်း။ ဓါတ်ပုံ-hope)

ရတနာ ရေးသားသည်။

ကလေးတစ်ယောက်အတွက် ကျောင်းဆိုတာ စာသင်ကြားရာ၊ ကစားရာ၊ အိပ်မက်များ စတင်ပုံဖော်ရာ နေရာဘဲ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောင်းတက်ရတဲ့ နေ့တိုင်းဟာ စာသင်ယူဖို့ သာမက အသက်အန္တရာယ်ကိုပါ ရင်ဆိုင်ရတဲ့ နေ့ရက်များ ဖြစ်လာခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ကောင်းကင်ယံကနေ အချိန်မရွေး ကျရောက်လာနိုင်တဲ့ ဗုံးအန္တရာယ်ကို ကလေးတွေဟာ စာသင်ယူရင်းနဲ့ပင် ကြောက်ရွံ့မှုများကြားက ရင်ဆိုင်နေရပါတယ်။

ကျောင်းဝင်းထဲမှာ စာသင်ခန်းတွေနဲ့အတူ လေကြောင်းရန် ဗုံးခိုကျင်းတွေပါ မရှိမဖြစ် ဆောက်လုပ်ထားရတဲ့ အခြေအနေဟာ စစ်ပွဲရဲ့ ခြိမ်းခြောက်မှုအရိပ်အောက်မှာ မြန်မာ့ပညာရေး ဘယ်လောက်အထိ ပြောင်းလဲသွားခဲ့သလဲဆိုတာ ဖော်ပြနေပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာလာချိန်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ နောက်ဆုံး သန်းခေါင်စာရင်းအရ ကျောင်းနေတဲ့အရွယ် ကလေးနဲ့ လူငယ်ဦးရေက ၁၃ သန်းခန့်ရှိနေပေမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းအပ်နှံထားသူ ၆.၇ သန်းရှိပဲ ရှိပါတယ်။ အဲဒီလိုတွက်ချက်လိုက်ရင် ကလေးနှင့် လူငယ် ၆.၃ သန်းကျော်ဟာ အခြေခံပညာ သင်ယူခွင့်မရဘဲ ကျောင်းပြင်ပမှာ ကျန်ရစ်နေကြပြီး၊ ကျောင်းနေအရွယ် လူငယ်များ၏ ထက်ဝက်နီးပါးဟာ ပုံမှန်ပညာရေးစနစ်အပြင်ဘက်မှာ ရောက်ရှိနေတဲ့ အခြေအနေ ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ကျောင်းမတက်နိုင်တဲ့ အကြောင်းရင်းတွေထဲမှာ စစ်ဘေး၊ နေရပ်စွန့်ခွာရမှု၊ ဆင်းရဲနွမ်းပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ပါဝင်သလို၊ အဆိုးဆုံးကတော့ ကျောင်းကိုယ်တိုင်က လုံခြုံမှုမရှိတော့တာ ဖြစ်ပါတယ်။ စာသင်ခန်းဟာ ဗုံးကျရောက်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာတဲ့အခါ မိဘတွေအတွက်လည်း ကလေးကို ကျောင်းပို့ဖို့ဆိုတာ အသက်အန္တရာယ်နဲ့ လောင်းကြေးထပ်ရတဲ့ အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါတော့တယ်။

ပြည်ပရောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီး ဒေါ်ဂျာထွယ်ပန်က “ကျမတို့‌ကျောင်းရှိတဲ့ နေရာတွေကို နေရာအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေကြတာပါ။ သူတို့က ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ပစ်မှတ်ထားနေတာ။ “လူငယ်တွေခမျာ ကြောက်လန့်တကြားနဲ့ စိတ်အေးချမ်းလုံခြုံမှု မရှိဘဲ အမြဲသတိထား စိုးရိမ်နေရပါတယ်” လို့ပြောပါတယ်။

“စစ်ပွဲကြားမှာ ကလေးတွေအတွက် ပုံမှန်ဘဝတစ်ခု ရှိနေသေးတယ်လို့ ခံစားရဖို့ အရမ်း အရေးကြီးပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန်မှာ သူတို့ အားထားနိုင်တဲ့ နေရာတစ်ခုတော့ ရှိသင့်ပါတယ်” ဟု သူမက ထောက်ပြပါတယ်။

အသက် ၄၂ နှစ်အရွယ် လူမှုဗေဒသုတေသီတစ်ဦးဖြစ်တဲ့ သူမဟာ ကချင်နိုင်ငံရေး ကြားဖြတ်ညှိနှိုင်းရေး အဖွဲ့ (KPICT) ကို ကိုယ်စားပြုပြီး စစ်အုပ်စုကို ဆန့်ကျင်နေတဲ့ အတိုက်အခံအင်အားစုတွေအတွင်း အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ ယမန်နှစ်ကလည်း ဗုံးခိုကျင်းများ တည်ဆောက်နိုင်ဘို့ ရန်ပုံငွေ ရှာဖွေခဲ့ရကြောင်း Asia Times ကို ပြောပါတယ်။ ပြည်ပမှာ အဓိက လှုပ်ရှားနေရပေမယ့် ဒေါ်ဂျာထွယ်ပန်ဟာ မြေပြင်ကိုလည်း မကြာခဏ သွားရောက်လေ့ရှိပြီး သဲအိတ်များ၊ မြေသားများနဲ့ တည်ဆောက်ထားတဲ့ မြေအောက်ဗုံးခိုကျင်း အဝင်မှာ ရိုက်ကူးထားတဲ့ သူမရဲ့ဓာတ်ပုံက လက်ရှိအခြေအနေကို သက်သေပြ နေပါတယ်။

သူမကတော့ လွတ်မြောက်နယ်မြေတွေမှာ ပညာရေးကို တီထွင်ဖန်တီးမှုတွေနဲ့ ဆက်လက် ရှင်သန်အောင် ထိန်းသိမ်းထားနိုင်ပြီး မိဘပြည်သူတွေရဲ့ အားပေးထောက်ပံ့မှု ရှိနေသရွေ့ ပညာရေးနဲ့ တော်လှန်ရေးကို ဆက်လက်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ထားသူ ဖြစ်ပါတယ်။

ဝန်ကြီးရဲ့ အဆိုအရ လက်ရှိ NUG လက်အောက်မှာ ယာယီကျောင်းပေါင်း ၅,၀၀၀ ခန့် လည်ပတ်နေပြီး ကျောင်းသား ၈၀၀,၀၀၀ နီးပါးနဲ့ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဆရာ၊ ဆရာမအများအပြားပါဝင်တဲ့ ဆရာ၊ ဆရာမ ၆၀,၀၀၀ ကျော်က ဒီပညာရေးစနစ် မပျောက်ကွယ်သွားအောင် ဆက်လက်ထိန်းသိမ်း စီမံကွပ်ကဲပေးနေကြပါတယ်။ ဒေသခံ လူမှုအသိုင်းအဝိုင်းတွေကတော့ ဆရာ၊ ဆရာမတွေအတွက် နေထိုင်ရေး၊ အခြေခံလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးနေကြပြီး စစ်ဘေးကြားမှာတောင် ပညာရေးမရပ်တန့်စေဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။

လုံခြုံရေးဟာ အခုဆိုရင် ကျောင်းတစ်ကျောင်း ဖွင့်နိုင်၊ မဖွင့်နိုင်ကို ဆုံးဖြတ်တဲ့ အဓိက စံနှုန်းတစ်ခု ဖြစ်လာပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ကျင်းပနိုင်ဖို့တောင် ကျောင်းမှာ လေကြောင်းရန် ဗုံးခိုကျင်း ရှိမရှိ၊ ဘေးကင်းရေးစံနှုန်းတွေ ပြည့်မီမပြည့်မီကို စစ်ဆေးရတဲ့အထိ အခြေအနေ ပြောင်းလဲသွားခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ သဲအိတ်အထပ်ထပ်၊ မြေအောက် ဗုံးခိုကျင်းဝင်ပေါက်တွေ မြင်တွေ့ရတာက စစ်ပွဲရဲ့ အရိပ်အယောင်တောင် မရှိသင့်တဲ့ နေရာဟာ စစ်ပွဲရဲ့အရိပ်မည်းအောက် ဘယ်လောက်အထိ ကျရောက်လာသလဲဆိုတာ ထင်ဟပ်နေပါတယ်။

“ဒါဟာ မြန်မာနိုင်ငံက ‘ရှင်သန်ကျန်ရစ်သူများအတွက် ပညာရေး’ ရဲ့ လက်တွေ့အရှိတရားပါပဲ” လို့ ဒေါ်ဂျာထွယ်ပန်က AsiaNews ကို ပြောပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ နှစ်နှစ်အတွင်းမှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေ တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၁၇ ကြိမ် ရှိခဲ့ပြီး၊ ကျောင်း ၁၄၁ ကျောင်းကို စစ်ရေးအရ အသုံးပြုခဲ့ကြောင်း အချက်အလက်တွေက ဖော်ပြထားပါတယ်။ ကျောင်းဆိုတာ ကလေးတွေအတွက် အလုံခြုံဆုံး နေရာဖြစ်သင့်ပေမယ့် လက်တွေ့မှာတော့ တိုက်ပွဲရဲ့ သက်ရောက်မှုကို တိုက်ရိုက်ခံနေရတဲ့ နေရာတွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီအန္တရာယ်ဟာ စိုးရိမ်မှုသက်သက် မဟုတ်ဘဲ မြေပြင်မှာ အသက်ပေးခဲ့ရတဲ့ ကလေးငယ်တွေ၊ ဆရာဆရာမတွေရဲ့ ဖြစ်ရပ်တွေနဲ့ မှတ်တမ်းတင်ထားရတဲ့ အဖြစ်ဆိုးတွေဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေဟာလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုများ ခံခဲ့ရပြီး ကလေးငယ်များနဲ့ ဆရာ၊ ဆရာမများ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ ကလေးငယ် ၇ ဦးအပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မေလ ၁၂ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းသူ ၂၀ ဦးနဲ့ ဆရာမ ၂ ဦးအပါအဝင် စုစုပေါင်း ၂၂ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာတော့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ရွာရှိ ပညာပန်းခင်းနဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းများ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကျောင်းသားအများစုအပါအဝင် ၂၂ ဦး သေဆုံးကာ အနည်းဆုံး ၂၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ဒွေးစီအီးကျေးရွာ စာသင်ကျောင်းနှင့် လွိုင်နန်းဖာကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖြစ်ရပ်တွေက စာသင်ကျောင်းတွေဟာ ကလေးတွေအတွက် လုံခြုံရာနေရာဖြစ်သင့်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကလေးတွေရဲ့ ပညာသင်ယူခွင့်ဟာ ဘယ်လောက်အထိ ခက်ခဲပြီး အန္တရာယ်များတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရသလဲဆိုတာ မြင်နိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃.၅ သန်းကျော် ရှိနေပြီး၊ အဲဒီမိသားစုတွေထဲက ကလေးအများစု ပညာကို ဆက်လက်သင်ကြားနိုင်ဖို့က အနာဂတ်ကို ထိန်းထားနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်နေပါတယ်။ ဒါကြောင့် ပညာရေးဟာ စာသင်ပေးရုံသက်သက် မဟုတ်တော့ဘဲ စစ်ဘေးဒဏ်ကြောင့် ပြိုကွဲသွားတဲ့ လူ့အသိုင်းအဝိုင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာပါတယ်။

ဒေါ်ဂျာထွယ်ပန် ပြောသလို “ကျောင်းမှာ ဗုံးခိုကျင်းရှိတယ်၊ ဆရာမတွေရှိတယ်၊ တစ်ခုခုဖြစ်ရင် ထွက်ပြေးဖို့ လမ်းကြောင်းရှိတယ်။ ကလေးတွေအတွက် သူတို့အိမ်မှာထက် ကျောင်းမှာ လုံခြုံရေး ပိုရှိနိုင်အောင်” ဆိုတဲ့ စကားက ယနေ့ မြန်မာနိုင်ငံက ကလေးတွေ ပညာသင်ကြားနေရတဲ့ ဘဝအခြေအနေကို အနက်ရှိုင်းဆုံး ဖော်ပြနေပါတယ်။

ကလေးတစ်ယောက် ကျောင်းတက်နိုင်ဖို့အတွက် စာအုပ်နဲ့ သင်ကြားရေးပစ္စည်းတွေသာ မလုံလောက်တော့ဘဲ ဗုံးခိုကျင်း၊ လေကြောင်းရန် သတိပေးစနစ်နဲ့ အသက်ရှင်ကျန်ရစ်နိုင်မယ့် အကာအကွယ်တွေပါ လိုအပ်လာတဲ့ အခြေအနေဟာ ပညာသင်ယူခွင့်ကို အသက်ရှင်ရပ်တည်ရေးနဲ့ တွဲဖက်စဉ်းစားနေရတဲ့ မြန်မာကလေးတွေရဲ့ နာကျင်ဖွယ် အမှန်တရား ဖြစ်နေပါတယ်။

ကိုးကား – Asia News, Myanmar Now, Mon Independent News, Mizzima, DVB

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

ဆောင်းပါး

ကျောင်းခန်းထဲကနေ တညီတညွတ်ထဲမဟုတ်ဘဲ လုံးထွေးနေတဲ့ အသံတစ်ချို့ ပျံလွင့်လို့နေပါတယ်။ ကျောင်းသူတစ်ယောက်က နံရံပေါ်မှာ ကပ်ထားတဲ့ ကျောင်းစည်းကမ်းတွေကို ဦးဆောင်ဖတ်ပြနေတာဖြစ်ပြီးကျန်တဲ့ကျောင်းသူကျောင်းသားတွေက နောက်ကနေ လိုက်ဆို နေကြတာပါ။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

Facebook