Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်မှာမြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူသေဆုံးပျောက်ဆုံးမှုရှိနေ

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

(လောင်းလုံးမြို့နယ်မှာ ရေကြီးမှုဖြစ်နေစဉ်။ ဓာတ်ပုံ - ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့)

စက်တင်ဘာ-၂၇ ၊၂၀၂၆။ဇော်ရမ်း၊မိုမို/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ မြေပြိုမှုနဲ့ ရေကြီးမှုကြောင့် လူသေဆုံးပျောက်ဆုံးမှု တချို့ရှိနေပြီး ပိတ်မိနေတဲ့ဒေသခံတွေလည်းရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံ​တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တချို့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၇ ရက်) မနက် ၅ နာရီကျော်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့နယ် အောက်ဘက်မှာ မြေပြိုမှုနဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်နေပါတယ်။

“တောင်ကျရေလည်းများတယ်။အဓိက ထိတာတော့ ဝေဒီနဲ့ ကဒက်ငယ်ထိန် ရွာဘက်တွေ။မင်းရပ်ရွာမှာ‌ အမျိုးသမီးတစ်ဦး ဆုံးတာတွေ့ထားတယ်”လို့ လောင်းလုံးမြို့နယ် ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကဒက်ငယ်ထိန်ကျေးရွာဘက်မှာလည်း ပျောက်ဆုံးတဲ့သူတချို့ရှိပြီး ပိတ်မိတဲ့သူတွေလည်းရှိနေလို့ ကူညီပေးဖို့လည်း အဲဒီရွာခံတစ်ဦးက အသိပေးပါတယ်။

“ထား၀ယ်မြစ်ဘေးနဲ့ နီးနေတော့ရေကြီးတာ တော်တော်များတယ်။ကယ်ဆယ်ရေးကတော့ လိုအပ်ချက်တွေ ရှိတယ်။လောလောဆယ် မနိုင်ဘူး”လို့ လောင်းလုံးမြို့နယ် လူမှုကူညီရေးအသင်းတာ၀န်ရှိသူက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။

ဒါ့အပြင် လောင်းလုံးမြို့နယ် အောက်ဖက်ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ထွက်ခွာလာခဲ့ပေမယ့် ကမြောကြီးဒေသအနီးမှာ ရေကြီးရေလျှံမှု အလွန်များပြားနေတာကြောင့် ရှေ့ဆက်သွားလာလို့ မရသေးဘဲ လမ်းခရီးမှာ ပိတ်မိနေတယ်လို့ ထား၀ယ်အခြေစိုက် ဇမ္ဗူသီရိ လူမှုကူညီရေးအသင်းက ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ကယ်ဆယ်ရေးအတွက် အရေးပေါ်ထွက်ခွာလာရပေမယ့် လမ်းခရီးအခြေအနေကြောင့် အခုလို ရပ်တန့်စောင့်ဆိုင်းနေရတာကြောင့် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

“ကယ်ဆယ်ရေးလမ်းကြောင်းပြတ်တောက်သွားပြီ။ ရွာတွေကိုသွားလို့မရတော့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ထား၀ယ်မြစ်ခြားထားတဲ့ လောင်းလုံးမြို့နယ်အရှေ့ဘက်က သရက်ချောင်းမြို့နယ်မှာလည်း မိုးသည်းထန်မှုကြောင့် သစ်ပင်လဲကျတာ၊မြေပြိုတာနဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေရှိတယ်လို့သိရပါတယ်။

ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာလည်း ဒေသတွင်း မြစ်ချောင်းတွေရေလျှံနေပြီး မိုးလည်းဆက်ရွာနေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းမလည်း အပိုင်းလိုက် ရေလျှံနေတယ်လို့ ​ဒေသခံ​တွေက​ပြောတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးနေစဉ် ဒေသချင်းဆက်စပ်နေတဲ့ တနင်္သာရီတိုင်းမှာ ရေဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ လက်ရှိရာသီဥတုအခြေအနေနဲ့ပတ်သက်လို့ စက်တင်ဘာ၂၉ရက်အထိ ရေဘေးနဲ့မြေပြိုမှု ဘေးသတိထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အနီးဝန်းကျင်အပါအဝင် ထိုင်းနိုင်ငံအောက်ပိုင်းဒေသမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ စက်တင်ဘာ၂၈ရက်မှာမြန်မာနိုင်ငံဘက်သို့ ရွေ့လျားကာ အားလျော့ပျက်ပြယ်သွားနိုင်တယ်လို့ MoSLHA က ထုတ်ပြန်ထားပါတယ်။ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ သတိပေးထားပါတယ်။

တနင်္သာရီတိုင်းမှာ နေရာကွက်မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပြီး မိုးကြီးခြင်းနောက်ဆက်တွဲ ရေကြီးခြင်း၊ တောင်ကျချောင်းရေလျှံခြင်း၊ လျှပ်တစ်ပြက်ရေလွှမ်းမိုးခြင်းနဲ့မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သြဂုတ်က စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့ပြီး လူ ၄၀ထက်မနည်း သေဆုံးခဲ့ပါတယ်။ လက်ရှိမှာ တနင်္သာရီအတိုင်းအတွင်း ရေဘေးနဲ့ မြေပြို ဘေးကြုံတွေ့နေတာဖြစ်ပါတယ်။ တနင်္သာရီတိုင်းရေဘေးမှာ ဒီနေ့စက်တင်ဘာလ၂၇ရက်နေ့မနက်အထိ လူငါးဦးထက်မနည်းသေဆုံးထားတယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့အချို့ကပြောပါတယ်။ ကယ်ဆယ်ရေးအင်အား လုံးဝမလုံလောက်ဘူလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံဘက်ကနေရွေ့လျားလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံဘက်မှာ မိုးကြီးပြီး ကရင်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်အချို့မှာ ရေကြီးမြေပြိုဘေးအန္တရာယ်ကြီးမားနေတယ်လို့ထိုင်းမိုးလေဝသဌာန (TMD) က သတိပေးချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

Facebook