စက်တင်ဘာ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။
စစ်အုပ်စုဘက်က မြစ်ဆုံစီမံကိန်းပြန်စဖို့ လူထုတွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ် စည်းရုံးဟောပြောနေတဲ့ အခြေအနေမှာ ဒေသခံတွေကလည်း စီမံကိန်း အလိုမရှိကြောင်း ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ မကြာခဏ ပြုလုပ်လျက်ရှိရာ စက်တင်ဘာ ၂၆ရက်က ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းများနေ့မှာ စီမံကိန်း အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တာ၊ မြစ်ဆုံဆည်စီမံကိန်း ကန့်ကွက်ကြောင်း ဟောပြောတာ စတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
စီမံကိန်းကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုကို မေခနဲ့ မေလိခမြစ်ဆုံရာ မြစ်ဆုံရဲ့ အထက်ဘက် တနေရာမှာ ၃နာရီကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၀ိုင်းမော်မြို့နယ်က ဒေသခံ၁၀၀ ကျော်ပါဝင်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

Public Service Announcement
မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ ပြည်သူတွေက အစဉ်အမြဲ ကန့်ကွက်ကြောင်း ပြသခြင်းလည်းဖြစ်တယ်လို့ သူက ပြောပါတယ်။
“KIO/KIA အနေနဲ့ လည်း သူတို့ သတင်းထဲမှာ ထုတ်ပြန်ထားတာရှိတယ်။ သူတို့ လည်း ပြည်သူတွေ မလိုလားတဲ့ ဥစ္စာ သူတို့လည်း မလိုလားဘူးပေါ့နော်။ သူတို့ ပြည်သူတွေရဲ့ အသံနဲ့ အတူတူပဲ ဆိုတဲ့ဟာလေးတွေ သတင်းမှာ သိရှိခဲ့တာပေါ့နော်။ အဲဒါကြောင့်မို့လို့ ကျမတို့ ပြည်သူတွေလည်း အစကနေ ၂၀၀၉ ကနေ အခုအချိန်ထိ ပြည်သူတွေက ဒီဟာကို အလိုမရှိကြောင်း ကန့်ကွက်”တာ ဒီနေ့အချိန်ထိပဲ။ အခုလည်း လော်ဘီတွေ ဘယ်လောက်ပဲ ပြောပြော ပြည်သူတွေက လုံး၀ လက်မခံဘူးဆိုတဲ့ဟာလေးကို ကျမတို့ထုတ်ဖော်ခြင်းဖြစ်ပါတယ်”လို့ မြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဧရာဝတီကို တို့ချစ်သည် ၊ ပြည်သူ့အသံကိုနားထောင်ပါ၊ No DAM ၊ ဧရာ၀တီမြစ်ကို ကာကွယ်ကြစို့ စတဲ့ စာသားတွေ မြစ်ဘေးမှာရေးသားဖော်ပြ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ဆိုပါတယ်။
စစ်အုပ်စုဘက်က မြစ်ဆုံဆည်စီမံကိန်း ပြန်လုပ်ဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေချိန် အဲဒီ စီမံကိန်းကို ပြည်သူတွေက မလိုလားဘူး ဆိုတာ စဉ်ဆက်မပြတ် ဆန္ဒထုတ်ဖော်နေတာ ဖြစ်တယ်လို့ လည်း အသိပေးပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်း လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့ဟာ ၂၀၂၆ ဇွန်လအတွင်း တရုတ်နိုင်ငံ သွားရောက်ခဲ့တဲ့ ခရီးစဉ်က ပြန်လည်ရောက်ရှိလာပြီးနောက် မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်နိုင်ရန် ပိုမိုကြိုးပမ်းဆောင်ရွက်လာတဲ့ အပေါ်အခုလို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။


















































