မြောက်ကိုရီးယား စစ်သုံ့ပန်းတွေ လွှဲပြောင်းပေးထားတဲ့ကိစ္စကို လူသိရှင်ကြား ထုတ်ပြောခဲ့တဲ့အတွက် ယူကရိန်းက ပြန်တောင်းပန်ဖို့ တောင်ကိုရီးယားက တောင်းဆိုထားပါတယ်။
ရုရှားဖက်က ပါဝင်တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယား စစ်သားတွေထဲက နှစ်ဦးကို ယူကရိန်းတပ်တွေက အရှင်ဖမ်းမိခဲ့ပြီး အဲဒီနောက်မှာတော့ တောင်ကိုရီးယားဆီ လွှဲအပ်ပေးခဲ့ပါတယ်။ အဲဒီအကြောင်းကို ယူကရိန်းဖက်က အတိအလင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ တောင်ကိုရီးယား အစိုးရက ယူကရိန်း အနေနဲ့ ဘာကြောင့် အဲဒီ သတင်းအချက်အလက်ကို ဖွင့်ချရသလဲ ဆိုတာကို ဖြေရှင်းချက်ပေးဖို့၊ ပြီးတော့ ပြန်တောင်းပန်ဖို့ တောင်းဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား စစ်သုံ့ပန်းတွေကို လွှဲပြောင်းတဲ့ ကိစ္စကို အထူးလျှို့ဝှက်ထားဖို့ နှစ်နိုင်ငံကြား သဘောတူထားခဲ့ပြီးမှ ယူကရိန်းက အခုလို ဖော်ထုတ်ခဲ့တာလို့ တောင်ကိုရီးယား သမ္မတရဲ့ ပြည်သူ့ဆက်ဆံရေး အကြီးတန်း အရာရှိ ဆောင်ဂျီဟွန်က ပြောပါတယ်။

Public Service Announcement
ဒီကိစ္စကို ယူကရိန်းက ကိုယ့်သဘောနဲ့ကိုယ် ကြေညာခဲ့တာကိုရော၊ ဒီအကြောင်းကို မထုတ်ပြန်ဖို့ သဘောတူညီချက် ယူထားတဲ့အကြောင်းကို ငြင်းဆိုခဲ့တာကိုပါ သမ္မတရုံး အနေနဲ့ စိတ်ပျက်မိတယ်လို့ ဆောင်က ဆိုပါတယ်။
အခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား အစိုးရဟာ နောက်ဆက်တွဲ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆရတဲ့ အခြေအနေတွေကိုလည်း ပြန်လည် လေ့လာ ဆန်းစစ်သွားမယ်လို့ သူက ပြောကြားသွားပါတယ်။
လုံခြုံရေး၊ သံတမန်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်တဲ့ အခြေအနေတွေကြောင့် သုံ့ပန်းတွေ အခုလို လက်လွှဲယူတဲ့ ကိစ္စကို လျှို့ဝှက်ပေးထားဖို့ တောင်ကိုရီးယားဖက်က ညှိနှိုင်းတောင်းဆိုထားပြီး ယူကရိန်းကလည်း သဘောတူခဲ့ကြောင်း ဆောင်က ရှင်းပြထားပါတယ်။
နောက်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ အဲဒီ သုံ့ပန်း လွှဲပြောင်းမှုအကြောင်း ထုတ်ပြောခဲ့ကြောင်း၊ အဲဒီလို ထုတ်ပြောမယ့်အကြောင်း တောင်ကိုရီးယားဆီလည်း လုံးဝ ကြိုအသိမပေးခဲ့ကြောင်း ဆောင်က ဆိုပါတယ်။ ဒါ့အပြင် ယူကရိန်းက ဒီကိစ္စကို လျှို့ဝှက်ထားဖို့ တောင်ကိုရီးယားနဲ့ ဘယ်လို သဘောတူညီမှုမှ ယူမထားကြောင်းလည်း ငြင်းဆိုခဲ့ပါတယ်။
တောင်ကိုရီးယား သမ္မတရုံးရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဆိုးလ်မြို့အခြေစိုက် ယူကရိန်း သံရုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
အစောပိုင်းမှာ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်ကလည်း ဇီလန်စကီးက ဒီကိစ္စကို ထုတ်ပြောတာဟာ တောင်ကိုရီးယားနဲ့ ယူကရိန်းကြားက သဘောတူညီမှုကို ချိုးဖောက်မှု မြောက်ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါသေးတယ်။
ယူကရိန်းဟာ မြောက်ကိုရီးယား စစ်သားနှစ်ဦးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတုန်းက ရုရှားပိုင် ကာ့စ်ခ်ဒေသမှာ အရှင်ဖမ်းမိခဲ့တာပါ။ အစောပိုင်းတုန်းကတော့ တောင်ကိုရီးယားဟာ အဲဒီစစ်သားတွေရဲ့ မြောက်ကိုရီးယားမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် သူတို့ကို လက်လွှဲယူထားကြောင်း သတင်းတွေကို ငြင်းဆန်ထားခဲ့တာလို့ ဆောင်က ပြောကြားသွားပါတယ်။
ကိုးကား: CNN


















































