ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။
ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူဟာ စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ဘန်ကောက်မြို့ရဲ့ ဘန်ကာပီ မြို့နယ်မှာရှိတဲ့ ခလွန်ချန် အိမ်ရာဆီ သွားရောက်ချိန်မှာ အဲဒီလိုမျိုး ဖိနပ်ကို ချွတ်ပြီး ရေထဲ လမ်းဆင်းလျှောက်ခဲ့တာ ဖြစ်ပါတယ်။ အနူတင်ဟာ ရေကြီးမှု အခြေအနေတွေနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေနေပုံတွေကို သွားရောက် စစ်ဆေးခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ မကြည်မသာ ကြိုဆိုမှုတွေနဲ့လည်း ကြုံတွေ့ခဲ့ပါတယ်။
အနူတင်က ရေကြီးမှု အခြေအနေတွေကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ မှတ်ချက်ပေးခဲ့ခြင်းက လည်ပင်းလောက်ထိ နစ်တဲ့ ရေကြီးမှုတွေမှာ ဆက်လက် ရုန်းကန်နေရတဲ့ ပြည်သူတွေ၊ ၃ ရက်လောက် မီးတွေပြတ်တာ ကြုံနေရလို့ စိတ်တိုနေတဲ့ အိမ်ရာနေ ဒေသခံတွေအတွက် ပိုပြီး စိတ်ပျက် ဒေါသထွက်စရာ ဖြစ်ခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ် ထွက်ပေါ်နေတဲ့ ဗီဒီယိုတွေထဲမှာတော့ မီးပြတ်နေတဲ့ အိမ်ရာထဲမှာ နေထိုင်သူတွေက ဝန်ကြီးချုပ်ကို ဓာတ်မီးတွေနဲ့ လှမ်းထိုးပြီး ထွက်သွားဖို့ အော်ဟစ်လှောင်ပြောင် မောင်းထုတ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ တချို့ကလည်း ရေကြီးတဲ့ အခြေအနေမှန်ကို သိချင်ရင် ကိုယ်တိုင် ရေထဲဆင်းပြီး လမ်းလျှောက်ကြည့်လို့ လှမ်းအော်ခဲ့ကြပါတယ်။

Public Service Announcement
ဒါပေမဲ့ အနူတင်က တကယ်ပဲ ရေထဲလမ်းဆင်းလျှောက်တဲ့အခါ ဖိနပ်ကို ချွတ်ထားတာနဲ့ ပတ်သက်လို့ ကျန်းမာရေး ရှုထောင့်ကနေ ဝေဖန်တာတွေလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြန်ပါတယ်။
အဲဒီရေတွေက မသန့်ရှင်းဘဲ တိရစ္ဆာန် အညစ်အကြေးတွေ၊ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ၊ ချွန်ထက်တဲ့ အပျက်အစီးတွေ၊ အဆိပ်ရှိတဲ့ သတ္တဝါတွေလည်း ရောပါလာနိုင်တယ်လို့ တချို့က ထောက်ပြပါတယ်။ နောက်ပြီး လျှပ်စစ်အန္တရာယ်လည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်ရက်လောက်ဆက်တိုက် သည်းသည်းထန်ထန် ရွာသွန်းတဲ့ မိုးတွေကြောင့် ဘန်ကောက်က နေရာအများအပြားမှာ ရေကြီးခဲ့ပြီး မြို့နယ် ၅ ခုစလုံးမှာ အရေးပေါ် အခြေအနေတွေ ကြေညာခဲ့ရပါတယ်။
အနူတင် ဦးဆောင်တဲ့ ထိုင်းအစိုးရဟာ ဘန်ကောက်ရေကြီးမှု ဖြစ်စဉ်တွေမှာ ထိရောက်တဲ့ တုံ့ပြန်ကိုင်တွယ်နိုင်စွမ်းမျိုး မရှိဘူးလို့ ဝေဖန်ခံနေရပါတယ်။ အထူးသဖြင့် ရေကြီးတဲ့ နေရာတွေဆီ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ ပစ္စည်းတွေ၊ ယာယီအိမ်သာတွေ၊ သောက်ရေတွေ အချိန်မီ မပို့ဆောင်နိုင်တဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။
ကိုးကား: The Nation



















































