Connect with us

Hi, what are you looking for?

သတင်း

မိုးရာသီအကုန်မှာ ကရင်နီပြည်ကို စစ်တပ်ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ စစ်ရေးသတင်ရင်းမြစ်နဲ့ ရဲဘော်တွေ ပြော

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

(လွိုင်ကော်တက္ကသိုလ်ကို ထိန်းချုပ်အပြီး KNDF တပ်ဖွဲ့ဝင်များကို ၂၀၂၃ နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် ။ဓာတ်ပုံ - KNDF)

အောက်တိုဘာ−၂ ၊၂၀၂၆။ဇော်၀င်း/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်နယ်ကို မိုးရာသီအကုန်မှာ ထိုးစစ်အရှိန်မြှင့်လာနိုင်တယ်လို့ ဒေသခံစစ်ရေးသတင်ရင်းမြစ်နဲ့‌ မြေပြင်တော်လှန်ရေးတပ်တာ၀န်ရှိသူတွေက လူထုနွေဦးကို ‌ပြောပါတယ်။

စစ်တပ်ဟာ ရှမ်းပြည်နယ် ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ရလခ)ကို ကရင်နီပြည်နယ်က လွိုင်ကော်မြို့မှာ ပြောင်းလဲအခြေချတော့မှာဖြစ်လို့ ကရင်နီပြည်နယ်ကို စစ်ထိုးအရှိန်မြှင့်လာနိုင်တယ်လို့ ဆိုပါတယ်။

“ဒါကတော့ ရှင်းပါတယ်။ရှမ်းပြည်နယ်မှာက စစ်ရေးမျက်နှာနည်းတယ်လို့ ကျွန်တော့် တစ်ယောက်အနေနဲ့ မြင်တယ်။ဒါကြောင့် ကရင်နီဘက်ကို ပိုပြီး ဖိဖိစီးစီးလုပ်လာဖို့ရှိမယ်။အခုလည်း စတော့လုပ်နေတာပေါ့။ဒရုန်းတွေရော လေယာဉ်တွေရော လက်နက်ကြီးနဲ့ရော။ဒီဘက်ကို အာရုံစိုက်လာတယ်လို့ မြင်တယ်”လို့ ကရင်နီတပ်မတော်တပ်ရင်း(၅)တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကရင်နီပူးပေါင်းတပ်ဖွဲ့ တာ၀န်ရှိသူတစ်ဦးကလည်း “ပွင့်လင်းရာသီ မိုးအကုန်မှာတော့ သူတို့ (အာဏာသိမ်းစစ်တပ်)စွန့်လွှတ်ထားတဲ့ ဒေသတွေကို ထိုးစစ်ဆင်မယ့် အနေအထားမျိုးကို မြင်မိတယ်။အထူးသဖြင့်ကရင်နီ နယ်စပ်ဒေသမျိုးမှာပါ”လို့ သူ့အမြင်ကို ရှင်းပြပါတယ်။

လက်ရှိမှာလည်း စစ်တပ်စစ်ကြောင်းတွေက ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်အစပ် လွိုင်ကော်-မိုးဗြဲ ကြားက ဝါရီဆူးပလိုင်ကျေးရွာနဲ့ မိုးဗြဲမြို့ တဝိုက်စစ်ကြောင်း ထိုးနေတာရှိတယ်လို့ အသိပေးပါတယ်။

စက်တင်ဘာအတွင်း စစ်တပ်ရဲ့လေကြောင်း၊လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေကလည်း အရင်လတွေထက် ပိုများပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ အပြင် တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ရပါတယ်။

ကရင်နီဒေသမှာ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ပိုပြီးစည်းလုံးဖို့နဲ့ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကို ဂရုတစိုက်စောင့်ကြည့်ဖို့လည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က တိုက်တွန်းပါတယ်။

“စစ်တပ်ရဲ့လှုပ်ရှားမှုနဲ့ အနေအထားကို အမြဲတမ်းလေ့လာပြီး ပြင်ဆင်ထားဖို့လိုတယ်”လို့ သူက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ကရင်နီဒေသတွင်းက တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေကို ဖြေရှင်းဖို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်မ(၅၅)နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတိုင်းအခြေစိုက် တပ်မ(၆၆)တပ်ရင်းတွေ အသုံးပြုခဲ့ဖူးပေမယ့် တပ်ရင်းမှူးတွေ သေဆုံးခဲ့တာ အပါအ၀င် တပ်ရင်းတွေ လိုက် ပြုတ်ခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။

“ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) နဲ့ မနိုင်လို့ စစ်တိုင်းရုံးဖွင့်လိုက်တာနဲ့ မပြီးဘူး။စစ်မျက်နှာစာဖွင့်လိုက်တဲ့သဘောပဲ။ချင်းပြည်နယ်အတွက်လည်း ကလေးမြို့ ဒကစ ကို စစ်တိုင်းအဖြစ် ဖွင့်မယ့် အခြေအနေ ကြားထားပါသေးတယ်”လို့ CDM ဗိုလ်ကြီး တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေ ပိုထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုများလာနိုင်ပြီးဒေသတွင်းလူထုအနေနဲ့ ပိုမိုသတိပြုနေထိုင်ဖို့လည်း သူက တိုက်တွန်းပါတယ်။

“တိုင်းစစ်ဌာနချုပ်ပြောင်းလာခြင်းအားဖြင့် ဖြစ်လာနိုင် ခြေကြိုတွေးဆထားကြတာကတော့ ဒကစ အဆင့်မှာထက်လုပ်ပိုင်ခွင့်တွေပိုလာမှာဖြစ်တဲ့အတွက် အရင်ထက်ပိုသတိထားရမယ်။အများကြီးတော့ပြောစရာမရှိပေမယ့်အထင်လည်းမသေးသလို အထင်လည်းမကြီးပါဘူး ။လေကြောင်းတိုက်ခိုက်မှုပိုစိပ်လာနိုင်တယ် Suicide Drone တွေပိုသတိထားရမယ် မြေပြင်ထိုးစစ်ကတော့ သိပ်ပြီးစိုးရိမ်တာမရှိဘူး။ အဘက်ဘက်က ကာလနဲ့အမျှ ကျဆင်းနေတဲ့ အရည်အချင်းတွေနဲ့ စစ်တပ်ရယ် အောင်စိတ်နဲ့ မဆုတ်မနစ် တော်လှန်နေတဲ့ ကျွန်တော်တို့ရယ် ကြားမှာက ကွာခြားချက်အတော်ကြီးမားပါတယ်။ ဒါက ဘယ်လိုမှညှိယူလို့ရလာမှာမဟုတ်ပါဘူး အတွေးအခေါ်စိတ်နေစိတ်ထားပိုင်းပေါ့ခုပြောတာ ဒါ့အပြင်နည်းစနစ်ပိုင်းမှာနဲ့ စုဖွဲ့မှုအားကောင်းမယ် လူထုကိုအလုပ်အကျွေးပြုလိုသူတွေက လူထုအပေါ်စိတ်စေတနာ မှန်နေရင် ဘာမှကြောက်စရာမရှိပါဘူး” လို့ ကရင်နီရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ရေးအချက်အလက်တွေအရ ၂၀၁၁က ဖွဲ့စည်းခဲ့တဲ့ ခိုလမ်မြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဗျူဟာ (ကွန်ဟိန်း)၊ စစ်ဗျူဟာ (လင်းခေး) နဲ့ သီခြားလှုပ်ရှား စစ်ဗျူဟာနဲ့ ကွပ်ကဲမှုအောက်က ခြေလျင်၊ခြေမြန်တပ်ရင်း (၁၆)ရင်းရှိပါတယ်။

လွိုင်ကော်မြို့နယ် ဒကစ လက်အောက်ခံတပ်တွေ နဲ့ ဒီးမော့ဆို၊ဖရူဆို ၊ ဖားဆောင် မြို့နယ်တွေကခြေလျင်၊ ခြေမြန်တပ်ရင်းတွေအပါအ၀င် အခြေခံစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွေ နဲ့ ဆက်သွယ်ရေးတပ်ပေါင်း ၂၀ ၀န်းကျင် ကရင်နီပြည်နယ်မှာ ရှိပါတယ်။

ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားလက် နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြည်တွင်းစစ်ရေးလေ့လာသူတွေက ခန့်မှန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဟာ အင်အားအတောင့်တင်းဆုံးဖြစ်ပြီး ရဲဘော်စုစုပေါင်း ၈,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရှိနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယန်းအမျိုးသားတပ်မတော် KNA အပါအ၀င် ကရင်နီဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်းတွေ ဖွဲ့စည်းထားတာရှိပါတယ်။

၂၀၂၃ နိုဝင်ဘာက ၁၁၁၁ စစ်ဆင်ရေးနဲ့ ကရင်နီပူးပေါင်းတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ပြီး မြို့တော်လွိုင်ကော်ကို သိမ်းနိုင်ဖို့ လက်တကမ်းအလိုထိ ရောက်ခဲ့ဖူးပါတယ်။

လက်ရှိမှာ ကရင်နီပြည်နယ်နဲ့ ထိုင်းနယ်စပ် မယ်စဲ့၊ရှားတောမြို့နဲ့ သတ္တုထွက်ရှိရာ မော်ချီးဒေသတွေကို ကရင်နီပူးပေါင်းတပ်တွေက အလုံးစုံသိမ်းပိုက်ထားပြီး ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ ၊ဖရူဆိုနှင့် မိုးဗြဲ မြို့အနီးတဝိုက်ကို ထိန်းချုပ်ထားဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ လစ်လပ်နေတဲ့ ဥက္ကဌ နေရာအတွက် အမျိုးသမီး တစ်ဦးကို ရွေးချယ်ကာ အလုပ်အမှုဆောင်အဖွဲ့ကို ဒီကနေ့ ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

သံတွဲမြို့မှာ ​ဒေသခံပြည်သူ ၁ ဦး​သေပြီး ၄ဦးထက်မနည်းဒဏ်ရာရ

သတင်း

အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တပ်က စစ်​​တွေမြို့ဘက်က​နေကြည်း၊ ရေ၊ လေသုံး ကာအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနှစ်ခုလုံး ​သေဆုံးဒဏ်ရာရသူများပြီး တပ်ပြန်ဆုတ်သွားခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook