အောက်တိုဘာ ၃၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မန္တလေးမြို့က မြို့နယ် ၇ မြို့နယ်လုံးမှာ ဒီကနေ့ အောက်တိုဘာ ၃ ရက်ကစတင်ပြီး အချိန်ပိုင်း လျှပ်စစ်ဓါတ်အား ဖြတ်တောက်မှာဖြစ်ကြောင်း သက်ဆိုင်ရာ လျှပ်စစ်ရုံးအသီးသီးက အသိပေးကြေညာပါတယ်။
လျှပ်စစ်ဓာတ်အားဖြတ်တောက်မယ့်ဇယားအရ A နဲ့ B ဆိုပြီး အုပ်စုခွဲထားမှာဖြစ်ပြီး ၄ နာရီလာ၊ ၄ နာရီပိတ် စနစ်နဲ့ တစ်နေ့လျှင် စုစုပေါင်း ၁၂ နာရီ သာ လျှပ်စစ်မီး ရရှိတော့မှာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ မန္တလေးမြို့ကို လျှပ်စစ်ဓါတ်အားပေးဝေမှု ထက်ဝက် လျှော့ချလိုက်တာဖြစ်ပါတယ်။

Public Service Announcement
“ပြောတော့ ခွဲတမ်းဆိုပြီး မီးဖြတ် ချင် သလိုဖြတ်နေတာ။ ပေးတာ အချိန်လဲမမှန်ဘူး။ သူတို့ စာထုတ်ထားသလို ဘယ်အချိန်လာမယ်ဆိုပြီး လာမယ့်အချိန်ကျ မနေ့ညထဲကပျက်နေတာ။ အခုမနက်ထိပဲ”လို့ ချမ်းအေးသာဇံမြို့နယ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ နွေရာသီ မတ်လက တစ်ရက် ၈ နာရီ မီးဖြတ်ခဲ့ပေမယ့် ယခု နွေရာသီမရောက်သေးတဲ့အချိန်မှာပဲ နွေရာသီထက်ပင် ပိုမိုဖြတ်တောက်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ အယ်နီညိုကြောင့် မန္တလေးမြို့မှာ ရာသီဥတု ပူပြင်းနေချိန် လျှပ်စစ်မီး ပိုဖြတ်တာကို မြို့ခံတွေ ဝေဖန်နေကြပါတယ်။
လက်ရှိမှာ နိုင်ငံအနှံ့အပြား လျှပ်စစ်မီးပုံမှန်မရရှိတဲ့အပြင် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်နေတာကြောင့် ပြည်သူတွေရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။



















































