ရုရှားစစ်တပ် ရဟတ်ယာဉ် တစ်စီးဟာ အချင်းချင်း မှားယွင်းပစ်ချမှုကြောင့် ပျက်ကျခဲ့ပြီး အမှုထမ်း ၃ ဦးစလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
ရုရှားစစ်တပ်ကို အားပေးထောက်ခံတဲ့ Telegram channelတွေမှာ အဲဒီသတင်းကို စတင်ဖော်ပြလာခဲ့ပြီး ယူကရိန်း မီဒီယာတွေကလည်း အဲဒီဖြစ်စဉ်အကြောင်း ရေးသားခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့တုန်းက ရုရှားရဲ့ ဗိုရိုနက်ချ် ဒေသမှာ ပျံသန်းနေတဲ့ Mi-8 ရဟတ်ယာဉ်ဟာ အချင်းချင်း မှားပစ်တဲ့ ဖြစ်စဉ်အတွင်း ပျက်ကျခဲ့တာလို့ သိရပါတယ်။
အစောပိုင်း သတင်းတွေက ရဟတ်ယာဉ် ဘယ်လိုပျက်ကျသလဲ ဆိုတာကို အသေးစိတ် မဖော်ပြပေမယ့် နောက်ပိုင်းမှာတော့ ရုရှားရဲ့ Su-35 တိုက်လေယာဉ် တစ်စီးက ရဟတ်ယာဉ်ကို ယူကရိန်းဒရုန်းလို့ မှားယွင်းသတ်မှတ်ပြီး ပစ်ချခဲ့တာလို့ သိရပါတယ်။

Public Service Announcement
ရဟတ်ယာဉ်ဟာ ဗိုရွန်နက်ချ်မှာရှိတဲ့ အန်နင်စကီး ခရိုင်ထဲမှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှု တစ်ခုကို ဒေသခံ ရုရှားစစ်တပ်က တုံ့ပြန် ကိုင်တွယ်နေတဲ့ စစ်ဆင်ရေး ကာလလို့ ဆိုပါတယ်။
Su-35ဟာ Mi-8ကို ပျံသန်းနေတဲ့ ယူကရိန်း ဒရုန်းတစ်ခုအဖြစ် ဆုံးဖြတ်ပြီး ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်မှူး၊ လမ်းကြောင်းပြ အရာရှိနဲ့ လက်နက် ကိုင်တွယ်သူတို့ဟာ အဲဒီဖြစ်စဉ်မှာ သေဆုံးခဲ့ကြကြောင်း ယူကရိန်း Telegram channel Exilenova Plusက ဖော်ပြခဲ့ပါတယ်။
ရုရှားရဲ့ စစ်လိုလားသူ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ အီလီယာ တူမာနော့ဗ်က ဒေါ်လာ ၁၁ သန်းလောက်တန်တဲ့ ရဟတ်ယာဉ် ပျက်ကျမှုကို အတည်ပြုခဲ့ပေမယ့် အကြောင်းရင်းကိုတော့ ထိမ်ချန်ထားခဲ့ပါတယ်။ ရုရှားစစ်တပ်ကတော့ တိုက်လေယာဉ်က ရဟတ်ယာဉ်ကို မှားယွင်းပစ်ချခဲ့ကြောင်း သတင်းတွေအပေါ် လတ်တလော ဘာမှတ်ချက်မှ မပေးသေးပါဘူး။
Mi-8တွေဟာ ဆိုဗီယက်ခေတ်တုန်းက ဒီဇိုင်းထုတ်ထားတဲ့ အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံး ရဟတ်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ Su-35ကတော့ ရုရှားရဲ့ ခေတ်မီ ဘက်စုံသုံး တိုက်လေယာဉ် အမျိုးအစားတစ်ခုဖြစ်ပြီး ယူကရိန်း ဒရုန်းတွေကို ကြားဖြတ်ဟန့်တားတဲ့ မစ်ရှင်တွေမှာလည်း ပါဝင်ပျံသန်းနေပါတယ်။
ကိုးကား: Metro



















































