Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကတောင်ကုတ်မြို့အနီးတပ်ရင်းဟောင်း​ နဲ့ ဖုံညိုရွာကိုလေယာဉ်အုပ်နဲ့ ဗုံးကြဲ

ပြည်သူ​သေဆုံးထိခိုက်မှုရှိပြီး၊​လေယာဥ်သံ ဗုံးသံကြောင့်နှလုံးရပ်သေဆုံးသူအချို့ရှိနေ

(စစ်တပ်ရဲ့တိုက်​လေယာဥ်​တွေကိုစစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မတ်၂၇ ရက်မှာစစ်​ရေးပြ​လေ့ကျင့်ပျံသန်း​နေတာကို​တွေ့ရစဥ်။ ဓါတ်ပုံ-Getty)

အောက်တိုဘာ-၆၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ စစ်တပ်အထိုင်ချခဲ့တဲ့တပ်ရင်းဟောင်းတွေနဲ့ဖုံညိုရွာတို့ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့တာကြောင့်သေဆုံးဒဏ်ရာရသူ​တွေရှိခဲ့ပြီး ​လေယာဥ်သံနဲ့ ဗုံး​ပေါက်ကွဲသံကြောင့် နှလုံးရပ်သေဆုံးသူအချို့လည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်၊မနက် ၉ နာရီခွဲကနေ ၁၀ နာရီ ၁၅ မိနစ်လောက်ထိ စစ်တပ်က တစ်နာရီနီးပါးကြာ ဗုံးအလုံး နှစ်ဆယ်ဝန်းကျင်ကြဲချနေခဲ့တာလို့သိရပါတယ်။

“လေယာဉ်ဟာအားလုံးဆိုရင်ခြောက်စီးလောက်ပါတယ်။အရပ်သားတွေ မနည်းနာတယ်။ ပြည်သူတွေ ဒဏ်ရာရ တဲ့လူ တော်တော်များတယ်လို့ ကြားတယ်။ အခု ဆေးရုံရောက်နေကြတယ်။ အရေအတွက်တော့ မသိရသေးဘူး။ တော်တော်များတယ်လို့ ပြောတယ်”လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အရင်ကအထိုင်ချခဲ့တဲ့အမှတ်(၅)စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၅)၊ ခမရ (၃၄၆)၊ ခမရ (၅၄၄) တို့နဲ့ အဲဒီအနီး တောင်ကုတ်မြို့အဝင်မှာရှိတဲ့ ဖုံညိုရွာတို့ကို ဗုံးကြဲနေခဲ့တာဖြစ်ပါတယ်။ဖုံညိုရွာဟာသံတွဲမြို့နယ်ကနေ တောင်ကုတ်မြို့သို့အဝင်မှာ ရှိတဲ့ လူနေကျေးရွာတခုဖြစ်ပြီး စစ်ဘေးရှောင်တွေလည်း နေထိုင်ကြပါတယ်။

ဗုံးကြဲမှုကြောင့်ဖုံညိုရွာကဒေသခံပြည်သူ​တွေ ​သေဆုံးဒဏ်ရာရသူ​တွေရှိပြီး တောင်ကုတ်မြို့ပေါ်မှ ဦးဇော်ခင်ဦးနဲ့ ဦးလှစိန် တို့ဟာလည်း ကျယ်လောင်တဲ့ဗုံးကွဲသံကြောင့် နှလုံးရပ်ပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“လေယာဉ်တွေအများကြီးပျံနေတော့ လေယာဉ်သံနဲ့ရော၊ဗုံးသံနဲ့ရောအကုန်လုံးကြောက်လန့်နေကြတယ်။ဘယ်ကိုပြေးလို့ပြေးရမလဲတောင် မသိတော့ဘူး။ နဂိုနှလုံးမကောင်းတဲ့ သူတွေကျတော့ သေသွားတာ၊ ဒဏ်ရာရတဲ့သူ တွေလည်း များတယ်” လို့ အခြားဒေသခံတဦးကလည်းပြောပါတယ်။

စစ်တပ်ကအောက်တိုဘာ ၅ ရက်နေ့ ညကလည်းပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်ဆောင်းဒူ ရွာဝန်းကျင်ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၅ ရက် မနက်ပိုင်းကလည်း ပုဏ္ဏား ကျွန်းမြို့နယ်ပန်းနီလာစစ်ဘေးရှောင်စခန်းနဲ့ အဲဒီအနီးရှိ စေတနာအခမဲ့ဆေးပေးခန်းတို့ကို ဗုံးကြဲခဲ့တာကြောင့်ကျောင်းသူ၁ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက် ညနေပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ဗျာလစစ်ဘေးရှောင်စခန်းကို ဗုံးကြဲခဲ့တာ ကြောင့် စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးအပါအဝင် ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က ၄၉၂၆ စစ်ဆင်ရေးလို့ အမည်တပ်ပြီး အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေကို ထိုး စစ်ဆင်နေခဲ့တာဟာ တစ်လကျော်ရခဲ့ပြီဖြစ်ပါတယ်။ အဲဒီစစ်ဆင်ရေးကာလအတွင်း AA စခန်းတစ်ခုမှမသိမ်းနိုင်ဘဲ စစ်တပ်ရဲ့တပ်စခန်းတွေထပ်မံလက်လွှတ်၊ အထိနာ​နေပြီး​နောက် အရပ်သားလူနေကျေးရွာတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ စျေးတွေကိုပါစစ်တပ်က ဆက်တိုက်ဗုံးကြဲနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ကစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့်ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၁ ထက်မနည်း သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေအောက်တိုဘာ ၆ ရက်နေ့ထိ တလကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင် ဒေသခံ ပြည်သူ ၈၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ဦးထက်မနည်း ရှိ​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ဂွေးချိုကျေးရွာက ပျူစောထီးစခန်းကို တိုက်ခိုက်ရာ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ခုခံမှုကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ရေစကြိုမြို့နယ်အထူးလှုပ်ရှားစစ်ကြောင်းက အောက်တိုဘာ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ချောင်း၀ရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ SNA တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့လို့ ဘုရားကျောင်းပျက်စီးခဲ့ကြောင်း အင်းတော်ကြီးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ဒေသခံတွေ တူးဖော်နေတဲ့ တပိုင်တနိုင်ရွှေမျှောတွေကို စစ်တပ်က လေကြောင်းကနေ နှစ်ရက်ဆက် ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ အရပ်သား ၃၀ဦးထက်မနည်း ရှိနေပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook