အောက်တိုဘာ ၁၀၊၂၀၂၆။ ဇေအောင်/People’s Spring
မုံရွာအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁၀ဦး ရိုက်နှက်နှိပ်စက်ခံရပြီး ၅ ဦးဟာ တိုက်ပိတ်ခံထားရကြောင်း နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံးက ဒီကနေ့ အောက်တိုဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မုံရွာအကျဥ်းထောင်မှာ အကျဉ်းသား ၂ဦး စကားများတာကို စည်းကမ်းထိန်းနဲ့ အခန်းလူကြီးတွေက ထိုးကြိတ်ရိုက်နှက်ခဲ့တာကြောင့် အကျဉ်းသားတွေဘက်က ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ ဒုတာဝန်ခံအရာရှိဖြစ်တဲ့ ထောင်ပိုင်လေးက ထောင်ဆူတယ်ဆိုပြီး သေနတ်ပစ်ဖောက်ခဲ့ပြီး ထောင်ဝန်ထမ်းတွေကပါ ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ဒါ့အပြင် အပြစ်ကျူးလွန်သူတွေကို အရေးမယူဘဲ နစ်နာသူ ၂ဦးနဲ့ ဝင်ရောက်ညှိနှိုင်းပေးသူ နိုင်ငံရေးအကျဉ်းသား ၅ ဦးကိုပါ ခြေကျဉ်းခတ်တိုက်ပိတ်ထားကြောင်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက အသိပေးပါတယ်။
“တိုက်မပိတ်ခင်မှာ သူတို့က သေသေကြေပေါ့နော်။ ရိုက်နှက်မှာ ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက်က စိတ်ပူရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရိုက်နှက်တဲ့အချိန်မှာ ထိခိုက်ဒဏ်ရာ ဖြစ်သွားတာတွေအတွက်ကတော့ သူတို့က ဂရုစိုက်မှာမဟုတ်ဘူး။ တိုက်ထဲ တခါတည်း တန်းပြီးတော့ ထည့်တာဖြစ်တဲ့အတွက် တော်တော်လေးကို စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်”လို့ နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ ဦးဆာင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။
အဲဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး ဖြစ်စဉ်ကို မှတ်တမ်းတင်ကာ အသွင်ကူးပြောင်းမှုကာလမှာ တရားမျှတမှုဖော်ဆောင်သွားမယ်လို့ အစည်းအရုံးက ဆိုပါတယ်။ ထောင်အာဏာပိုင်တွေအနေနဲ့ ဒီလို လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မရပ်တန့်ပါက ပြည်သူ့ပြစ်ဒဏ်ကို မလွဲမသွေ ခံယူရမယ်လို့လည်း နွေဦး နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးက သတိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။



















































