အောက်တိုဘာ-၁၃၊၂၀၂၆။ မေရီ/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာက ရှေးဟောင်းဘုန်းတော်ကြီးကျောင်း မီးလောင်ပြီး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့က အောက်တိုဘာ ၁၂ ရက် ည ၉ နာရီဝန်းကျင်က မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာက ရွာဦးရန်အောင်နိုင်ကျောင်းတော်ကြီး မီးလောင်ခဲ့ရာ ရွာသူ၊ရွာသားတွေ စုပေါင်းငြှိမ်းသတ်ခဲ့ကြပေမဲ့ မီးများတာကြောင့် တစ်ကျောင်းလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။
“လူတွေတော့ ထိခိုက်တာ မရှိပါဘူး။ ကျောင်းတော်ကြီးကတော့ ပျက်စီးသွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီမီးလောင်ကျွမ်းမှုဟာ ပေါ့ဆမှုကြောင့် ဖြစ်ပွားရတဲ့ သာမန်ပေါ့ဆမီးလို့ ယူဆရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်ခံ မီးသတ်ဦးစီးဌာနကတော့ လာရောက်ငြီမ်းသတ်ပေးတာမျိုး မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျောက်တိုင်ကျေးရွာဟာ ၂၀၂၅ စက်တင်ဘာ ၁၈ ရက်ကလည်း အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကိုရင်ကြီး ၁ပါး ပျံလွန်တော်မူခဲ့ပြီး ကျောင်းဆောင်တွေ ပျက်စီးခဲ့ရဖူးပါတယ်။
လက်ရှိမှာလည်း မြင်းခြံခရိုင်ဟာ အာဏာသိမ်းကာလတလျှောက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ မကြာခဏ ရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံထားရပါတယ်။



















































