အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေက ကြမ်းတမ်းတဲ့ အဓိကရုဏ်း အခြေအနေတွေ ဖြစ်လာတဲ့နောက် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က လူထုအနေနဲ့ စိတ်အေးအေးထားပြီး တရားဥပဒေ စိုးမိုးရေးကို အလေးထားဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့လောက်ကစလို့ ပါရီအပါအဝင် မြို့ကြီးတွေက ဆန္ဒပြပွဲတွေဟာ အဓိကရုဏ်း အခြေအနေတွေ ဖြစ်လာသလို မီးရှို့တာ၊ ဖောက်ထွင်းလုယက်တာမျိုး ဥပဒေမဲ့ လုပ်ရပ်တွေပါ ကျူးလွန်လာပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ ရဲကားတွေကို ဆန္ဒပြသူတွေက တိုက်ခိုက်နေတာတွေကိုပါ တွေ့ခဲ့ရပါတယ်။
အောက်တိုဘာ ၁၈ ရက်နေ့တုန်းက အေလီဇေ နန်းတော်ကနေ တစ်နိုင်ငံလုံးဆီ လိပ်မူတဲ့ မိန့်ခွန်းမှာတော့ အခြေအနေတွေ ပိုဆိုးရွားလာစေမယ့် လုပ်ရပ်တွေမှာ မပါဝင်ကြဖို့ လူထုကို မာခရွန်က မေတ္တာရပ်ခံခဲ့ပါတယ်။ ပြည်သူတွေကြားမှာ ဒေါသရော၊ အရှက်ရမှုပါ ရောစပ်ခံစားနေရတယ်လို့ သမ္မတက ဆိုပါတယ်။
ပြင်သစ်က ဆန္ဒပြပွဲတွေမှာ ဆူပူသောင်းကျန်းသူတွေ အတိုင်းအတာ တစ်ခုထိ များပြားနေပေမယ့် လူပေါင်း ၅ သိန်းခွဲလောက်ကတော့ စက်သုံးဆီ စျေးတက်တာ၊ လူနေမှု စရိတ်စကတွေ ကြီးမြင့်လာတာ၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေ ဆုတ်ယုတ် အားနည်းလာတာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြနေကြပါတယ်။

Public Service Announcement
လိုလားချက်တွေကို တရားဝင် တောင်းဆိုခြင်းနဲ့ အရာရာကို ရိုက်ခွဲ ဖျက်ဆီးနေ၊ လုယက်နေတာကြားမှာ ထင်ရှားတဲ့ ကွဲပြားမှုတွေ ရှိနေတယ်လို့ မာခရွန်က ဆိုပါတယ်။ ရဲတွေဟာ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး လူပေါင်း ၂၄၀၀ လောက်ကို ဖမ်းဆီးခဲ့ကြောင်းလည်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆန္ဒပြပွဲတွေကို အကြောင်းပြုပြီး အဖျက်အမှောင့် လုပ်ရပ်တွေ ကျူးလွန်ကြတဲ့အပေါ် ဘာအကြောင်းပြချက်မှ ပေးလို့ မရကြောင်း၊ အဲဒီလို လုပ်ရပ်မျိုး ကျူးလွန်သူတွေဟာ တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူ ခံကြရမှာဖြစ်ကြောင်း မာခရွန်က ပြောကြားသွားပါတယ်။
ပါရီ၊ မာဆေးလ်တို့ အပါအဝင် မြို့ကြီးတွေနဲ့ တခြားမြို့ရွာတွေမှာ အနက်ရောင် ဝတ်စုံတွေ၊ မျက်နှာဖုံးတွေ ဝတ်ထားတဲ့ ဆူပူသောင်းကျန်းသူတွေ ကားတွေနဲ့ အဆောက်အအုံတွေကိုပါ မီးတင်ရှို့နေပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က လိုင်ယွန်မြို့မှာလည်း လုယက်မှုတွေ ဖြစ်ပွားပြီး ရဲတွေနဲ့ ဆန္ဒပြသူ တချို့ကြား ပဋိပက္ခတွေလည်း ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့တုန်းက လီမိုးရှ်မြို့မှာရှိတဲ့ ၁၉ ရာစုလက်ရာ သမိုင်းဝင် ရှေးဟောင်းမြို့တော်ခန်းမ အဆောက်အအုံနဲ့ နာရီစင်ကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ပါတယ်။
ပါရီ၊ မာဆေးလ်နဲ့ လိုင်လီမြို့တွေမှာ နေရာအနှံ့ လုယက်မှု သတင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကြားနေခဲ့ရပါတယ်။ မာခရွန်က ဒေသအလိုက် မြို့တော်ဝန်ရုံးတွေ၊ အုပ်ချုပ်ရေး ဌာနတွေဟာ ဆိုင်တွေနဲ့ အရပ်သား အဆောက်အအုံတွေကို ကာကွယ်ဖို့ လိုအပ်တဲ့ စည်းမျဉ်းတွေကို အသီးသီး ထုတ်ပြန်ကြလိမ့်မယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၁၇ ရက်နေ့တုန်းက အဓိကရုဏ်း အခြေအနေတွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ရဲဝန်ထမ်း ၁၀၀၀ လောက် ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး လောရင့် နူးနက်ဇ်က ဆန္ဒပြတာဟာ ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့် ဆိုပေမယ့် လက်ဝဲစွန်း နိုင်ငံရေးဝါဒီ ထောင်ဂဏန်း အနည်းငယ်လောက်ဟာ ပြည်သူပိုင် အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရဲတွေနဲ့ ပဋိပက္ခ ဖြစ်စေတဲ့ ရမ်းကားမှုတွေကို ကျူးလွန်နေကြောင်း စွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။
တစ်ဖက်မှာတော့ ထင်ရှားတဲ့ လက်ဝဲဝါဒီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ယွန်းလုခ် မီလန်ရှုန်က နူးနက်ဇ်နဲ့ ပြင်သစ် ရဲတပ်ဖွဲ့ အကြီးအကဲတွေကို အရည်အချင်း မပြည့်မီသူတွေလို့ ပြင်းပြင်းထန်ထန် ပုတ်ခတ် ဝေဖန်သွားပါတယ်။ ပြင်သစ် လက်ယာစွန်း အမျိုးသား စုရုံးရေးပါတီ အကြီးအကဲ မာရင်လီပန်ကတော့ ပြည်သူလူထုရဲ့ အမျက်ဒေါသကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချနေတဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချကြောင်း ထုတ်ပြန်ထားပါတယ်။
ကိုးကား: BBC


















































