အစ္စရေး ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဖက်ကို ထောက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။
အစ္စရေး ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နိုင်ငံဝန်ကြီးချုပ်အဖြစ် ကာလရှည်ကြာ တာဝန်ယူခဲ့သူ နေတန်ညာဟုအတွက် ရုန်းကန်ရမယ့် အခြေအနေတွေ ရှိနေကြောင်း လေ့လာသူတွေက သုံးသပ်ပါတယ်။ အောက်တိုဘာ ၁၈ ရက်မှာတော့ ထရမ့်က သူ့ရဲ့ ကာလရှည်ကြာ နိုင်ငံရေး မဟာမိတ်ဖက်က ထောက်ခံ ရပ်တည်မယ့် အကြောင်းကို အတိအလင်း ထုတ်ပြန်ခဲ့ပါတယ်။
ထရမ့်က နေတန်ညာဟုကို ထူးကဲတဲ့ စစ်သူရဲကောင်း ဝန်ကြီးချုပ် တစ်ဦး၊ ငြိမ်းချမ်းရေး မိတ်ဖက် တစ်ဦးလို့ ညွှန်းဆိုခဲ့ပါတယ်။ နောက်ပြီး ဖေဖော်ဝါရီ လကုန်ပိုင်းတုန်းက အမေရိကန်နဲ့ လက်တွဲပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ နေတန်ညာဟုရဲ့ ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အီရန်စစ်ပွဲဟာ အခုဆိုရင် ၇ လကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်သလို အကျိုးဆက် အနေနဲ့ နိုင်ငံတကာ စွမ်းအင် စီးဆင်းမှု ကဏ္ဍမှာ အရှုပ်အထွေးတွေ၊ အကျပ်အတည်းတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

Public Service Announcement
နေတန်ညာဟုဟာ အစ္စရေး နိုင်ငံထဲက ထွက်ပေါ်လာတာတွေ အပါအဝင် ကြီးမားကျယ်ပြန့်လှတဲ့ ဆန့်ကျင်မှုတွေကို သန်သန်မာမာ၊ ရဲရဲရင့်ရင့်၊ ထက်ထက်မြက်မြက် ကိုင်တွယ် တုံ့ပြန်နေသူ ဖြစ်တယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ချီးကျူး ရေးသားခဲ့ပါတယ်။
ထိုးနှက်မှုတွေ ကြုံနေတဲ့တိုင် နေတန်ညာဟုဟာ ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ပိုမို ရင့်ကျက် အောင်မြင်လာကြောင်း၊ အခက်ခဲဆုံး ကာလတွေမှာ နေတန်ညာဟုကို သူစောင့်ကြည့်နေခဲ့ကြောင်း၊ သာမန်လူတွေဆိုရင် နွမ်းနယ်အားလျော့သွားနိုင်ပေမယ့် နေတန်ညာဟုကတော့ ဒါမျိုး မဟုတ်ခဲ့ကြောင်း၊ သူက ပိုပြီးတော့တောင် ကြံ့ခိုင်သန်မာလာခဲ့သလို လက်ရှိ အချိန်ထိ တူညီတဲ့ ခွန်အားကို ထိန်းသိမ်းထားနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။
အစ္စရေး ပြည်သူတွေကို လိပ်မူတဲ့ အဲဒီ သတင်းစကားထဲမှာ ထရမ့်က လာမယ့် အစ္စရေး ရွေးကောက်ပွဲမှာလည်း နေတန်ညာဟု ဝန်ကြီးချုပ် ပြန်ဖြစ်လာစေဖို့ သူ့အနေနဲ့ ခြွင်းချက်မရှိ အပြည့်အဝ အားပေး ထောက်ခံသွားမယ်လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေး အကဲခတ်တွေကတော့ ထရမ့်ရဲ့ အားပေးထောက်ခံမှုဟာ နေတန်ညာဟုနဲ့ သူ့ရဲ့ လက်ယာယိမ်း လီကွတ်ပါတီကို ရွေးကောက်ပွဲမှာ သိသာထင်ရှားတဲ့ တွန်းအားမျိုး ဖြစ်လာစေဖို့ မသေချာကြောင်း သုံးသပ်ကြပါတယ်။ အီရန်အရေးမှာ အစ္စရေးနဲ့ အမေရိကန် အစိုးရတွေကြား ကိုင်တွယ်ပုံ နည်းလမ်းနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ ရှိခဲ့တာကလည်း အစ္စရေး လူထုကြားမှာ ထရမ့်ကို ထောက်ခံမှု လျော့ကျနေခဲ့ပါတယ်။ လူထုအမြင် စစ်တမ်းတွေ အရလည်း ရွေးကောက်ပွဲမှာ ဘယ်သူက အသာရနိုင်ခြေ ရှိသလဲဆိုတဲ့ ကွဲပြားတဲ့ အဖြေမျိုး မထွက်ပေါ်သေးပါဘူး။
အစ္စရေးမှာတော့ ဝန်ကြီးချုပ်ကို လူထုဆန္ဒမဲတွေနဲ့ တိုက်ရိုက် ရွေးချယ်တာ မဟုတ်ဘဲ လွှတ်တော်အတွက် ရွေးကောက်ခံရတဲ့ နိုင်ငံရေး ပါတီတွေက ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းပြီး ခန့်အပ်လေ့ ရှိကြတာပါ။ လာမယ့်ရွေးကောက်ပွဲဟာ ဂါဇာစစ်ပွဲနောက်ပိုင်း အစ္စရေးရဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်လာမှာပါ။ အဲဒီကာလတွေအတွင်း အစ္စရေးဟာ နေတန်ညာဟုရဲ့ ဦးဆောင်မှုနဲ့အတူ ဂါဇာ၊ လက်ဘနွန်နဲ့ အီရန်တို့မှာ စစ်ပွဲတွေ ဆင်နွှဲခဲ့ပါတယ်။
ကိုးကား: Reuters


















































