ထွန်းညိုဦး/People’s Spring
အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မကွေးတိုင်း၊ ရေစကြိုမြို့နယ်မြောက်ပိုင်းက သစ်ကြီးတောဆိုတဲ့ ရွာလေးတစ်ရွာဟာ သာမန်နေ့တွေလိုပဲအမွှေးတိုင်လုပ်သူကလုပ်၊ အိမ်အလုပ် လုပ်သူကလုပ်နဲ့ ဖြတ်သန်းနေကြတယ်။ သစ်ကြီးတောရွာဟာ နာလန်ထတာ သိပ်မကြာသေးဘူးရယ်။ တခြားအညာဒေသက ရွာတွေလိုပဲ သစ်ကြီးတောဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ခံခဲ့ရတယ်။
သစ်ကြီးတောရွာဟာ ကိုယ့်အိမ်မှာတင် အမွှေးတိုင်လုပ်တဲ့ နေ့စားလက်လုပ်လက်စားသမားလေးတွေလည်း အများအပြား ရှိပါတယ်။ နိုင်ငံရေးအရတော့ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာဆိုပြီး လူသိများတယ်။ သစ်ကြီးတောရွာဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတုန်းကရော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ ရွာကြီးပါ။
သစ်ကြီးတောရွာဟာ ၂၀၁၈ ခုနှစ် မတ်လဆန်းက မီးအကြီးအကျယ်လောင်ပါတယ်။ ပေါ့ဆမီးကြောင့်လောင်တာ အိမ်ခြေ ၁၅၃ လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်။ ရွာသူရွာသားတွေ မျက်ရည်လည်ရွှဲ ဖြစ်ခဲ့ရတယ်။ သူတို့ရွာ မီးလောင်တဲ့သတင်းကို သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြတော့ လူသိများသွားပြီး လာလှူကြတာ မနည်းမနောပဲ။

Public Service Announcement
ရွေးကောက်ခံအရပ်သားအစိုးရ NLDအုပ်ချုပ်နေပေမယ့် ဒီရွာဟာ အစိမ်းထောက်ခံတဲ့ရွာဆိုတဲ့သဘောထားမျိုး ဘယ်သူဘယ်ဝါမှ စိတ်ထဲ မရှိခဲ့ကြဘူး။ အဲဒီအချိန်က မီးဘေးသင့်အိမ်တွေကို NLD အစိုးရရဲ့ လူကယ်ပြန်ကနေ ပစ္စည်း ၁၆ မျိုးပါ အိတ်တွေနဲ့ အိမ်ထောင်တစ်စုကိုငွေသားတစ်သိန်းစီ ထောက်ပံ့တယ်။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေလည်း ဆန်အိတ်တစ်ရာကျော် လာလှူတယ်။ တခြားပြည်တွင်းပြည်ပက အလှူရှင်တွေကလည်း လာလှူလိုက်ကြတာ မနည်းမနောပဲ။ မီးလောင်တဲ့အိမ်တစ်အိမ်ကို ဆန်အိတ်အပိုင်းတွေ ဆယ်ချီရကြတယ်။ ငွေသားသက်သက်ကိုက မီးလောင်တဲ့အိမ်တစ်အိမ်ကို သိန်း ၅၀ ကျော်စီ ရကြတယ်။ မီးလောင်ပြီး သူဋ္ဌေးဖြစ်သွားတဲ့ရွာလို့တောင် ကျီစယ်ကြတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဇွန်လအတွင်းက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းက သစ်ကြီးတောရွာကို မီးဝင်ရှို့လို့ နေအိမ် ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရဖူးတယ်။ အာဏာသိမ်းစစ်တပ်က မီးဝင်ရှို့သွားလို့ PDF တွေ ထွက်တဲ့ရွာလားဆိုတော့ မဟုတ်ပါဘူး။
တော်လှန်ရေးအဖွဲ့တွေ ခိုအောင်းတဲ့ရွာလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ နဂိုကမှ ပြည်ခိုင်ဖြိုးထောက်ခံတဲ့သူတွေ များတဲ့ရွာ။ “အဲရွာမှာလည်း ဘာမှမရှိဘူး။ နေလို့လည်းအဆင်မပြေဘူး။ တစ်ရွာလုံးက အဲရွာတွေဆိုတော့။ ကျွန်တော်တို့စိုးမိုးလို့သာ ပျူရွာမဖြစ်တာ အဲရွာတွေက”လို့ ရေစကြိုနယ်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
၂၀၂၂ ခုနှစ်တုန်းကလိုပဲ အာဏာသိမ်းစစ်တပ်ဟာ သစ်ကြီးတောရွာကို အံ့အားသင့်စရာ အပြုအမူတစ်ခု ထပ်လုပ်ပြန်ပါတယ်။
၂၀၂၆ အောက်တိုဘာလ ၁၆ ရက်နေ့၊မွန်းလွဲ ၂ နာရီခန့်က သစ်ကြီးတောရွာလယ်လောက်က စတားလင့်အင်တာနက်ဆိုင်ကို လေကြောင်းတိုက်ခိုက်မှုတွေ ရက်ရက်စက်စက် ပြုလုပ်သွားခဲ့တာပါ။
ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ စတင်ထွက်ပေါ်လာတဲ့ အသေခံဒရုန်းနှစ်စီး၊ ညောင်ဦးနဲ့ မကွေးဘက်ကနေ ရောက်ရှိလာတဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ် ၂ စီး၊ ဂျက်ဖိုက်တာ ၂ စီးအပြင် ဒရုန်းတွေ နဲ့ သစ်ကြီးတောရွာ၊ ပိတ်သင်းကပ်ကျေးရွာနဲ့ သစ်ကောက်ဆိပ်ကျေးရွာတွေဆီကို ဦးတည်ကာ မိုးပေါ်ကနေဗုံးမိုးတွေ ရွာချခဲ့ကြပါတယ်။
“နေ့လယ် ၂ ချက်ထိုးလောက်မှာ တပ်မ ၁၀၁ ကနေတက်လာတဲ့ အသေခံဒရုန်း ၂ စီးနဲ့ အရင်လာတယ်။ ပြီးတော့ ညောင်ဦးက တက်လာတဲ့ MI 35 နဲ့ ပစ်တယ်။မကွေးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့လည်း လာကြဲတယ်။ သစ်ကြီးတော ရွာလယ်ခေါင်လောက်ကျမှာပေါ့။ စတားလင့်ဆိုင်ရှေ့ ကျတာပေါ့။ ဘေးရွာပတ်ပတ်လည်တွေလည်း ပတ်ပြီးပစ်သွားတယ်” လို့ ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဖြစ်စဉ်ကို ရှင်းပြပါတယ်။
ဗုံးတွေဟာ သစ်ကြီးတောရွာလယ်ခေါင်၊ လူစည်ကားရာ စတားလင့်ဆိုင်ရှေ့လမ်းမပေါ်ကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံးသီးဒဏ်ကြောင့် လမ်းပေါ်မှာ ကျင်းကြီး၊ ချိုင့်ကြီးတွေ ဖြစ်သွားခဲ့ရုံသာမက လမ်းသွားလမ်းလာတွေ၊ ကျောင်းကအပြန် ခဏရပ်နားကြသူတွေနဲ့ ဆိုင်ထဲမှာ ရှိနေသူတွေပါ တစ်ပြိုင်နက်တည်းလို ထိခိုက် သေဆုံးခဲ့ကြရပါတယ်။
“စတားလင့်ဆိုင်ရှေ့က လမ်းပေါ်ကိုကျတာ။ လမ်းပေါ်ကျတော့ လမ်းသွားလမ်းလာတွေရော၊ ကျောင်းသွားတဲ့ ၁၀ နှစ်လောက် ကလေးတစ်ယောက်လည်း သေဆုံးတယ်။ ၈ လ ၉ လသား ကလေးတစ်ယောက်လည်း ပါသေးတယ်။ သူ့အုပ်ထိန်းသူကော သေတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဲဒီ တိုက်ခိုက်မှုကြောင့် လက်ပွေ့အရွယ် ၇ လ၊ ၈ လသာရှိသေးတဲ့ ရင်သွေးငယ်၊ ၁၀ နှစ်ဝန်းကျင် ကလေးငယ်တွေကစလို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတွေအထိ အရပ်သားပြည်သူ ၁၂ ဦး ထက်မနည်း သေဆုံးခဲ့ရပါတယ်။သစ်ကြီးတောရွာမှာ၁၁ဦးနဲ့ ပိတ်သင်းကပ်ကျေးရွာမှာ၁ ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ ၁၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး စတားလင့်ဆိုင်အပါအဝင်အနီးနားက နေအိမ် ၇လုံး၊၈လုံးခန့်လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
ထပ်မံရရှိတဲ့ သတင်းတွေအရ ၃ ရက်အကြာမှာ သေဆုံးသူ ၁၅ ဦး အထိ ရှိလာပြီလို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ National University of Computer Studies (NUCS)မှာ ပညာသင်ကြားလနေတဲ့ BATCH-2 မှ ကျောင်းသား Kiyotaka ဆိုသူလည်း အသက်ဆုံးရှုံးခဲ့ရကြောင်း Student Representative Committee (NUCS) အလုပ်အမှုဆောင်အဖွဲ့က အသိပေးပါတယ်။ ကျောင်းသားရဲ့အသက်အရွယ်ကို NUCS ကို ဆက်သွယ်မေးမြန်းပေးမယ့် ဖြေကြားပေးခြင်း မရှိပါဘူး။
စစ်အုပ်စုဟာအာဏာသိမ်းဖို့ကြိုးပမ်းစဉ်ကတည်းက တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတွေနဲ့ ကျေးရွာတွေကို သတင်းမှောင်ချဖို့၊ စစ်တပ်ရဲ့လူမဆန်တဲ့ ဖိနှိပ်မှုတွေကို ကမ္ဘာကမစေဖို့ နဲ့ ပြည်သူအချင်းချင်းကူညီထောက်ပံ့မှုတွေ ပြတ်တောက်သွားစေဖို့ အင်တာနက် နဲ့ ဆက်သွယ်ရေးလိုင်းတွေကို စနစ်တကျ ပိတ်ဆို့ဖြတ်တောက်ခဲ့ပါတယ်။ ယခုဖြစ်စဉ်ဟာလည်း အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတဲ့ ဒေသခံပြည်သူတွေကို အပြင်လောကနဲ့ သတင်းအချက်အလက် ဆက်သွယ်ရယူနေရတဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့ စတားလင့်အင်တာနက်စင်တာကို စစ်အုပ်စုက ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ။ဒါဟာပြည်သူတွေရဲ့သတင်းအချက်အလက်ရယူပိုင်ခွင့်ကို အဓမ္မပိတ်ပင်တာဖြစ်ပြီး သတင်းစီးဆင်းမှု Flow တခုလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်တဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမျိုးညီညွတ်ရေးအစိုးရကလည်းထုတ်ပြန်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သစ်ကြီးတောရွာလယ်လမ်းမှာ ရင်ခွင်ပိုက်ကလေးလေးဟာ ဦးခေါင်းတွေပွင့်လို့ သွေးသံရဲရဲနဲ့ အသက်မရှိတော့တဲ့ မိခင်လို့ယူဆရတဲ့အလောင်းနား ပုဆိုးစုတ်ကလေးခင်းပြီး ကပ်ပေးထားတယ်။ တခြား အမျိုးသမီးတွေရော အမျိုးသားတွေ၊ ကလေးငယ်တွေလည်း ဝတ်ထားတဲ့အဝတ်အစားတွေတောင် စုတ်ပျက်သွားတာ ခန္ဓာကိုယ်တွေဆို ရစရာမရှိတော့။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ကလည်း လေကြောင်းကနေ အဲဒီရွာတွေဘက်ကို ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံး ထပ်မံပျက်စီးခဲ့ရပါသေးတယ်။အခုအခါ သစ်ကြီးတောရွာရော အနီးနားရွာတွေပါ ဆက်လက်မနေရဲကြတော့ဘဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင်အာဏာသိမ်းစစ်တပ်ဟာအောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်၊ အုန်းတောရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပြန်တာကြောင့် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြန်ပါတယ်။ သေဆုံးသူ အမျိုးသမီး ၄ ဦးထဲမှာ အသက် ၈ နှစ်အရွယ် ကလေးမလေးတစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒါကြောင့် သုံးရက်အတွင်း ရေစကြိုနဲ့ ပခုက္ကူမြို့နယ်တို့ကို စစ်တပ်ကဗုံးကြဲလို့ပြည်သူ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
ရေစကြိုနယ်ဗုံးကြဲခံရမှုကြောင့် သစ်ကြီးတောရွာအပါအဝင် ဝက္ကတော၊ ပိတ်သင်းကပ် နဲ့ သစ်ခေါက်ဆိပ်ရွာတို့က ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ် ။ ဒါ့အပြင်စိုက်ပျိုးရေးနဲ့ ဝမ်းစာအတွက်အားထားရတဲ့ကျွဲနွားတိရစ္ဆာန်တွေလည်း ဗုံးဆံကြောင့် ဒဏ်ရာပြင်းထန်စွာရပြီးသေဆုံးခဲ့ကြရတာရှိပါတယ် ။
ဒါဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေနဲ့ သူတို့ရဲ့ လူမှုစီးပွားဘဝကို ပြာကျအောင်လုပ်တဲ့ လူသားချင်းစာနာမှု ကင်းမဲ့တဲ့ စစ်ရာဇဝတ်မှု (War Crime) ကို ဗြောင်ကျကျ ကျူးလွန်လိုက်တာပဲဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဖော်ပြထားပါတယ်။


















































