အောက်တိုဘာ-၂၂၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ကိုယ်တိုင်ပဲ လုံခြုံနေဘို့ ဂရုစိုက်ရပါမယ်။ည ၁ နာရီ ကျော်မှာ အိမ်ရှင်တရေးနိုး သူခိုးနဲ့ပက်ပင်းတိုးလို့ ဓားနဲ့ထိုးပြီးထွက်ပြေးရာမှာ ၂၄ နှစ်ကျားတဦး သေဆုံးပြီး ၆၀ ကျော် မ တဦးဆေးရုံ အရေးပေါ် ရောက်သွားပါတယ်။နေ့ရော ညပါ မပေါ့ဆသင့်တော့ပါဘူး” လို့ ဒေသခံတစ်ဦးက အသိပေးထားပါတယ်။
အောက်တိုဘာ ၂၁ ရက် မနက် ၁ နာရီကျော်က မင်္ဂလာတောင်ညွှန့် မြို့နယ် ပုသိမ်ညွှန့် ရပ်ကွက်ကစတိုးဆိုင်ဖွင့်ထားတဲ့အိမ်ကိုသူခိုးကဝင်ခိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

Public Service Announcement
အိမ်ရဲ့နောက်ဖေးဘက်ကနေသံပန်းတွေကို ဖြတ်ဝင်ခဲ့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ထားကြပါတယ်။
သေဆုံးသွားတဲ့ လူငယ် က ဂျပန်ကိုသွားဖို့ စောင့်ဆိုင်းနေသူဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အမျိုးသမီးကြီးကတော့ ဆရာမ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ကိုကျူးလွန်တာက အမျိုးသားသုံးဦးဖြစ်ပြီး တစ်ဦးကို ဖမ်းဆီးထားနိုင်တယ်လို့ သတင်းတွေထွက်နေပေမယ့် လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံစီးပွားရေးကြပ်တည်းလာပြီး အထွေထွေကုန်ဈေးနှုန်းတွေအဆမတန်ကြီးမားလာသလို၊ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းလာပြီး တရားဥပဒေစိုးမိုးမှု လျော့နည်းလာပါတယ် ။ ဒီအခြေအနေမှာ ရန်ကုန်အပါအဝင် စစ်တပ်ထိန်းချုပ်ဒေသတွေမှာခိုးဆိုးလုယက် သတ်ဖြတ်မှုတွေ၊ဒုစရိုက်မှုတွေ ပိုများလာတာလို့ ပြည်သူတွေက ပြောကြပါတယ်။
ရန်ကုန်မြို့မှာ ဒီနှစ်အတွင်း ပစ္စည်းလုယက် လူသတ်တာတွေ ဆက်တိုက်ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ မလုံခြုံမှုကို ခံစားနေရတယ်လို့ ရင်ဖွင့်ထားကြပါတယ်။
ကုန်ဈေးနှုန်းတွေအဆမတန်တက်ပြီး ပြည်သူတွေကြပ်တည်းနေပေမယ့် စစ်တပ်ကတော့ ရန်ကုန်မြို့က မြို့နယ်တိုင်းမှာ ဈေးပွဲတော်တွေ ပြုလုပ်နေပါတယ်။




















































