အောက်တိုဘာ-၂၅၊၂၀၂၆။မိုမို /People’s Spring
နေပြည်တော် PDF ၊ အမှတ်(၈၀၅)တပ်ရင်း ၊ ထနောင်းစစ်ကြောင်းက ရဲဘော်တွေ မွမ်းမံသင်တန်း ဆင်းပွဲပြုလုပ်ခဲ့တယ်လို့ အဲဒီတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။
ထနောင်းစစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးနဲ့ လေ့ကျင့်ပြင်ဆင်မှုတွေကို စဉ်ဆက်မပြတ်၊ ဟန်ချက်ညီညီဆောင်ရွက်နေတာလို့ ဆိုပါတယ်။
“ရဲဘော်တွေ စည်းလုံးညီညွတ်မှု ရှိစေဖို့၊ရဲဘော်ရဲဘက်စိတ်များများထားနိုင်အောင် ပင်ပန်ဆင်းရဲမှုဒဏ်ခံနိုင်အောင် နိုင်ငံရေးအသိတိုးပွားအောင် ၊စစ်သည်တော်ကောင်းတစ်ယောက် စောင့်ထိနရမယ့် ကျင့်ဝတ်စည်းကမ်းတွေ ကောင်းအောင်၊ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါ အဆင်ပြေဆက်ဆံနိုင်အောင်”လို့ အထက်ပါတာ၀န်ရှိသူကမွမ်းမံသင်တန်းနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

Public Service Announcement
မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက်ကကျင်းပခဲ့ပြီး ရဲဘော် ၈၀ နီးပါး ရှိခဲ့တယ်လို့ အသိပေးပါတယ်။
ရှမ်း-ကရင်နီ ဒေသအစပ် မိုးဗြဲမြို့တိုက်ပွဲတွေအပါအ၀င် အာဏာသိမ်းစစ်တပ်အခြေစိုက်ရာ နေပြည်တော်နဲ့ မိုင်(၅၀)ကျော်အကွာ ရေတာရှည်မြို့နယ်က စစ်တပ်စခန်းတွေကို အခုနှစ်အတွင်းသိမ်းပိုက်ခဲ့မှုမှာ အမှတ်(၈၀၅) တပ်ရင်း ၊ ထနောင်းစစ်ကြောင်း ပါ၀င်ခဲ့ပါတယ်။
“လက်ရှိစစ်ရေးအခြေအနေကတော့ ရန်သူနဲ့ စစ်ဆိုင်ထားတယ်။ ဒေသတွင်းစစ်ရေးအခြေအနေကတော့ ကျွန်တော် တို့က MOD(အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး၀န်ကြီးဌာန)ရဲ့လက်အောက်ခံတပ်ရင်းဖြစ်တဲ့အတွက် MOD ညွှန်ကြားချက်နဲ့အတူ စစ်ရေးဖော်ဆောင်ရတာတွေရှိတယ်”လို့ အမှတ်(၈၀၅)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာက အမျိုးသားညီညွတ်ရေးအစိုးရ ပေးအပ်တဲ့စစ်ဘက်ဆိုင်ရာ ပြည်သူ့ဇာနည်ဆုရရှိသူ ၃၀၀မှာ အမှတ်(၈၀၅)တပ်ရင်းရဲ့ ရဲဘော် ၈ ဦး ပါ၀င်ခဲ့ပါတယ်။



















































