လူသတ်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ အမေရိကန် မရိန်းတပ်သား တစ်ဦးကို ဂျပန် အစိုးရ ရှေ့နေတွေက တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။
တရားရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိက အိုကီနာဝါကျွန်း အခြေစိုက် အမေရိကန် စစ်စခန်းမှာ တာဝန်ချ ခံထားရတဲ့ အဲဒီ အမေရိကန် စစ်သည်ဟာ လဆန်းပိုင်းတုန်းက အသက် ၃၉ နှစ်အရွယ် ဂျပန် အမျိုးသမီး တစ်ဦးကို သတ်ဖြတ်မှုအတွက် စွဲချက်တင် ခံလိုက်ရကြောင်း အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အဲဒီ အမေရိကန် စစ်သားဟာ အိုကီနာဝါရဲ့ နာဟာမြို့ထဲက ဟိုတယ်တစ်ခုထဲမှာ အမျိုးသမီးကို သတ်ဖြတ်ပြီး အမျိုးသမီးရဲ့ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်နဲ့ တခြားပစ္စည်းတွေကို ခိုးယူသွားကြောင်း စွပ်စွဲ ခံထားရပါတယ်။ သံသယ ရှိသူဟာ သူ့အပေါ် စွပ်စွဲချက်တွေကို အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမယ့် အခုတော့ အမျိုးသမီး သေဆုံးမှုမှာ သူ့ရဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ ထွက်ဆိုထားကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။
သတင်းတွေကတော့ ဂျပန်မှာ စွဲချက်တင် ခံခဲ့ရသူဟာ အသက် ၂၀ အရွယ် ဒုတိယတပ်ကြပ် ဒေးဗစ်ဂျက်ကော့ဘ် ဘောလက်ဒ်ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။ သူဟာ လူသတ်မှု၊ လူသတ်ဓားပြမှုတွေနဲ့ တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Public Service Announcement
ဂျပန်နိုင်ငံ တောင်ပိုင်းက အိုကီနာဝါကျွန်းမှာ အခြေစိုက်တဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ကားတိုက်ပြီး မောင်းပြေးမှု၊ အရက်မူးပြီး ကားမောင်းမှု စတာတွေ အရင်ကလည်း ကြုံခဲ့ဖူးပြီး ဒေသခံ အများစုက အမေရိကန် တပ်တွေ ရှိနေတာကို မလိုလားကြပါဘူး။ အခုလူသတ်မှု သတင်းကို ကြားသိပြီးချိန်မှာတော့ လူထုကြားက ဝေဖန်သံတွေ ပိုပြီး ကျယ်လောင်လာနေပါတယ်။ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိကလည်း ဒီကိစ္စဟာ ကြမ်းကြုတ် ရက်စက်လွန်းတဲ့ ရာဇဝတ်မှု တစ်ခုအဖြစ် ရှုတ်ချထားပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆူ မိုတာဂီက ဘောလက်ဒ် အဖမ်းခံရတဲ့ ဖြစ်ရပ်အပြီး ဂျပန်အခြေစိုက် အမေရိကန် တပ်ဖွဲ့ဝင်တွေရဲ့ တပ်ပြင်ပ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ စည်းကမ်းပိုင်း ပိုမိုတင်းကျပ် ကန့်သတ်စေဖို့ ဆန်းစစ်မှုတွေ စတင်လုပ်ဆောင်နေကြောင်း ပြောပါတယ်။ အဲဒီနောက် အမေရိကန်နဲ့ ဂျပန်ပူးပေါင်းပြီး ပိုမိုထိရောက်တဲ့ စည်းမျဉ်းတွေ ရေးဆွဲသွားဖွယ် ရှိနေပါတယ်။ အမေရိကန် စစ်တပ်ဟာလည်း မရိန်းတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုတွေကို ၂ ရက်ကြာ ဆိုင်းငံ့စေပြီး တပ်တွင်း စည်းမျဉ်းတွေကို ပိုမို တင်းကျပ်ခဲ့ပါတယ်။
မနှစ်တုန်းကလည်း အမေရိကန် မရိန်းတစ်ဦးဟာ အသက် ၂၀ ကျော်အရွယ် ဂျပန် အမျိုးသမီး တစ်ဦးကို လည်ပင်းညှစ်ပြီး မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲမှုကြောင့် ဂျပန်တရားရုံး တစ်ခုက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ ဂျပန်မှာတော့ အစိုးရ ရှေ့နေတွေဟာ ကနဦး စုံစမ်းစစ်ဆေးနေဆဲ အဆင့်မှာ သက်သေ အထောက်အထားတွေ၊ ထွက်ချက်တွေ ခိုင်လုံအောင် စုဆောင်းယူလေ့ရှိပြီး တရားဝင် စွဲချက်တင် ခံရပြီဆိုရင် ပြစ်မှုထင်ရှားကြောင်း စီရင်ချက် အချခံရဖို့ ၉၉ ရာခိုင်နှုန်း သေချာပါတယ်။ တစ်နည်းအားဖြင့် ဂျပန် အစိုးရ ရှေ့နေတွေဟာ နိုင်ဖို့သေချာတဲ့ထိ အမှုကို တည်ဆောက်ပြီးမှ စွဲချက်တင်လေ့ ရှိပါတယ်။
ဂျပန်မှာ အမေရိကန် တပ်ဖွဲ့ဝင် စုစုပေါင်း ၅၄၀၀၀ လောက် ဖြန့်ကျက်ထားပြီး အများစုက အိုကီနာဝါမှာ အခြေစိုက်ကြတာ ဖြစ်ပါတယ်။
ကိုးကား: AFP





















































