အောက်တိုဘာ-၂၆၊၂၀၂၆။People’s Spring
မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ ခွင့်ပြုချက်အရ မိခင်နဲ့ ဖုန်းဆက်သွယ် စကားပြောခွင့် ရခဲ့တဲ့နောက် ကင်မ်အဲရစ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကိုထိန်လင်းဟာ စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ၅ နှစ်ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မိခင်နဲ့ ဖုန်းပြောခွင့် ရခဲ့ပါတယ်။
အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ပိုင်းဆိုင်ရာ ယိမ်းယိုင်မှု မရှိဘူးဆိုတာ သေချာကြောင်း၊ ရုပ်ပိုင်းအရလည်း ကြံ့ခိုင် သန်မာနေဆဲလို့ ယုံကြည်ရကြောင်း၊ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ စစ်သားတွေ၊ ရဲတွေကလွဲပြီး ဘယ်သူမှ မရှိဘဲ တစ်ဦးတည်း သီးသန့်ခွဲခြား ချုပ်နှောင် ခံထားရပုံပေါ်ကြောင်းသူကပြောပါတယ်။

Public Service Announcement
“သူမရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေက ကောင်းမွန်နေဆဲဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းမှာလည်း ကျန်းမာသန်စွမ်းပုံရပါတယ်”လို့ကင်မ်အဲရစ်က ပြောပါတယ် ။
“သူမအနားမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလွဲရင် တခြားဘယ်သူမှ ရှိပုံမရပါဘူး။ ကျွန်တော် သိထားသလောက်ဆိုရင် သူ့ကို တစ်ယောက်တည်း သီးခြားခွဲထားတာမျိုးနဲ့ ထိန်းသိမ်းထားတာပါ” လို့ ကင်မ်ကဆက် ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ စွပ်စွဲချက် အပါအဝင် မတရားအမှုဆင်မှုတွေနဲ့ ဖမ်းဆီး ထောင်ချထားပြီးလောလောဆယ်မှာတော့နေပြည်တော်က အတိအကျ မသိရနိုင်တဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရှိနေတဲ့ နေရာဟာ နေပြည်တော်က အိမ်တစ်လုံးမှာလို့ ယုံကြည်ရကြောင်း၊ ခြံစည်းရိုး ခတ်ထားပြီး အနီးမှာတော့ ခြုံနွယ်ပိတ်ပေါင်း ထူထပ်တဲ့ မြေကွက်အလွတ် နေရာတစ်ခု ရှိနေကြောင်း သူက ပြောပါတယ်။
ဗြိတိန်မှာ ရှိနေတဲ့ကင်မ်အဲရစ်ဟာ အောက်တိုဘာ ၂၂ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖုန်းပြောခွင့် ရခဲ့တာပါ။ မိခင်အသံကို ကြားခွင့်ရခဲ့တာကို ဝမ်းသာနေပေမယ့် အဲဒီလို ခွင့်ပြုပေးခဲ့တာကိုက သူ့မိခင်ကို မတရား ဖမ်းဆီးထားတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေရဲ့ လူထုအမြင်ကောင်းရုံ လှည့်ကွက်တစ်ခုလို့ ကိုထိန်လင်းက ဝေဖန်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေ ကြည့်ရှုခွင့်၊ ဖတ်ရှုခွင့်လည်း မရလို့ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်ပျက် ပြောင်းလဲနေသလဲ ဆိုတာကိုတောင် သိပုံမရကြောင်း၊ နိုင်ငံရေးအရ အကွက်ဆင်ပြီး သူ့မိခင်ကို ၅ နှစ်လောက် ဖမ်းဆီး ချုပ်နှောင်ထားရာကနေ ပြန်လွှတ်သင့်နေပြီဖြစ်ကြောင်းကင်မ်အဲရစ်က ပြောကြားသွားပါတယ်။
ကိုးကား: Guardian





















































