အောက်တိုဘာ-၃၀၊၂၀၂၆။ဇော်၀င်း/People’s Spring
လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။
အောက်တိုဘာ ၂၉ရက်က ကျင်းပတဲ့ ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်းတည်ထောင်မှု (၂)နှစ်ပြည့်အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် ဒေသတွင်း တော်လှန်ရေးခေါင်းဆောင်တွေ တက်ရောက်ပြီး အထက်ပါအကြောင်းအရာတွေကို ပြောကြားခဲ့တာလို့ ဆိုပါတယ်။
“အဓိကတော့ ကျွန်တော်တို့ ကယန်းအမျိုးသားတပ် မတော်ရဲ့ယုံကြည်ချက်အတိုင်းဖြစ်တဲ့ လူမျိုးပေါင်းစုံလွတ်မြောက်မှ ကယန်းအမျိုးသားတွေလွတ်မြောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။အဲဒီအတွက်ကြောင့် ကျွန်တော်တို့ နှစ် နှစ်ပြည့်အခမ်းအနားမှာလည်း တက်ရောက်လာတဲ့ ခေါင်းဆောင်အများစုကလည်း လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာအဖြစ် ကျွန်တော်တို့က ဟန်ချက်ညီညီချိတ်ဆက်ပြီးတော့မှ စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီးတဲ့နောက်မှာ ကယန်းအမျိုးသားတွေ မျှော်မှန်းတဲ့ ကယန်းဖက်ဒရယ်ယူနစ် ကယန်းပြည်နယ် ပေါ်ထွန်းရေးအတွက် ကျွန်တော်တို့ တိုက်ပွဲ၀င်သွားမယ် ဆိုတဲ့ အခြေခံအချက်အလက်တွေကို အခမ်းအနားမှာ ပြောသွားကြတာဖြစ်တယ်”လို့ ကယန်းအမျိုးသားတပ်မတော် ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

Public Service Announcement
ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်းတည်ထောင်မှု (၂)နှစ်ပြည့်အခမ်းအနားကို ကယန်းဒေသနေရာနှစ်ခုမှာ အပိုင်း ၂ပိုင်းခွဲ ကျင်းပခဲ့တယ်လို့လည်း အသိပေးပါတယ်။
ပထမပိုင်းအစီအစဥ်က ကယန်းအမျိုးသားအလံတော်နဲ့ ကယန်းအမျိုးသား တပ်မတော်အလံကို အလေးပြုခြတာ ခေတ်အဆက်ဆက် စစ်အာဏာရှင်ကိုတိုက်ပွဲ၀င်ရင်း ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေနဲ့ ကယန်းအမျိုးသားတပ်မတော်က ကျဆုံးသွားခဲ့တဲ့ တပ်ဖွဲ့၀င် ၁၂ ဦးကို အလေးပြုတာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် Zoom Platform ကတစ်ဆင့် ဒုတိယပိုင်းအစီအစဥ်ကို ဆက်လက်ကျင်းပမှုမှာ ကယန်းအမျိုး သားတပ်မတော် ဥက္ကဌ ခွန်းဗဟန်းထန် က အဖွင့်မိန့်ခွန်းပြောဆိုပြီး တက်ရောက်လာတဲ့ တော် လှန်ရေး မဟာမိတ်အဖွဲ့အစည်းကိုယ်စားလှယ် ခေါင်း ဆောင်တွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူ၀ါလရှီးလ၊ အမျိုးသားညီ ညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဦးဆောင်ကော်မတီဝင် ဦးနန္ဒာစစ်အောင် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန် တို့ကအားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး ဥက္ကဌ ဦးထွန်းကျော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ဥက္ကဌ ခွန်းဘီထူး၊ (၈၈ )မျိုးဆက် ဦးမင်းကိုနိုင်ခေါင်းဆောင် ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်၊ DMO ဥက္ကဌ ခွန်းဇိုဝါးနီ နဲ့ MOD ရှမ်း/ကရင်နီ စစ်တိုင်းမှူး တူးငယ် တို့လည်း အခမ်းအနားကိုတက်ရောက်ခဲ့တယ်လို့ KNA က ထုတ်ပြန်ထားပါတယ်။
KNA ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင်တွေ တိုးချဲ့ဖွဲ့စည်းတာနဲ့ စစ်ဦးစီးကော်မတီရဲ့ တပ်ပိုင်းဆိုင်ရာ တာဝန် နဲ့ ရာထူးအပြောင်းအလဲတွေကို ပြန်လည်သတ်မှတ်ခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
ကယန်းအမျိုးသားတပ်မတော်ဟာ ပြန့်ကြဲနေတဲ့ ကယန်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေးတပ်တွေကို ပြန်လည်စုစည်းပြီး ၂၀၂၄ အောက်တိုဘာ၂၉ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ပထ၀ီနယ်မြေအခြေပြုတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့် အ၀ရှိတဲ့ ပြည်နယ်ဖော်ထုတ်ရေးနဲ့ အတူ အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ် နိုင်ငံသစ် ပေါ်ထွန်းရေးအတွက် လူမျိုးပေါင်းစုံပြည်သူနဲ့ အတူ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲ၀င်နေတဲ့ အဖွဲ့အစည်းအဖြစ် ကြေညာထားပါတယ်။
လက်ရှိ ရှမ်း-ကရင်နီ ဒေသအစပ် တိုက်ပွဲတွေအပါအ၀င် ကရင်နီဒေသတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စခန်းတွေ နဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေနဲ့အတူ KNA က ပူးပေါင်းတိုက်ခိုက်နေတာတွေဘရှိပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေရဲ့ ခန်းမှန်းချက်တွေအရ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားက ၈၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။




















































