အောက်တိုဘာ ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ကြားဖြတ်ရတိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြီး စစ်ကြောင်းပျက်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ၃၀ရက် မှာ စစ်တပ်က မိုးမိတ်မြို့ကနေ မိုးမိတ်မြို့နယ် မြစ်ဆုံဒေသဘက်သို့ စစ်ကြောင်းထိုးလာတာ KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“မိုးမိတ်ကနေ မြစ်ဆုံသွားတဲ့လမ်းဘက်။ သူတို့က အဲဒီဘက် လှုပ်ရှားလာတာ ကျနော်တို့ကနေ ကြားဖြတ် စောင့်ကြိုပြီးတော့ တိုက်တာပေါ့။ ဝိုင်းပတ် ပိတ်ဆို့ပြီးတိုက်တာ စစ်ကြောင်းတကြောင်းလုံးပြုတ်တာ။ တပ်ရင်းမှူး ဒဏ်ရာရ ထွက်ပြေး။ အကုန်လုံး ကစင့်ကလျားနဲ့ စစ်ကြောင်းတကြောင်းလုံး အကုန်လုံးပြေး။ အလောင်းတွေ့တာက ၂၀လောက်ရှိတယ်။ လက်နက်တွေလည်းအများကြီးရတယ်။ ဒုရင်းမှူးတယောက်ကတော့ သေသွားပြီ။ ဒီပုံထဲက ဟာက ဒုရင်းမှူးပဲ။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
KIA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ဟာ စက်တင်ဘာလကုန်ပိုင်းကတည်းက မိုးမိတ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ တလကြာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
မြို့အနီးက စစ်တပ်စခန်းအချို့ကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က မြို့ကို အင်အား ၁၀၀၀ ခန့် ထပ်မံ ဖြည့်တင်းပြီး စစ်ကြောင်းထိုးလို့ မိုးမိတ်-မြစ်ဆုံ-မဘိမ်း လမ်းကြောင်းတလျှောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
KIAနဲ့ စစ်တပ်တို့ဟာ ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ စစ်ကိုင်း-ကချင်အစပ် ဟုမ္မလင်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ဟုမ္မလင်းဒေသက စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ SNA ရှမ်းနီတပ်တို့ရဲ့ စခန်းအချို့ကို KIAက သိမ်းပိုက်ခဲ့ပါတယ်။ဗန်းမော်တိုက်ပွဲမှာလည်း စစ်တပ်ရဲ့ စကခ(၂၁) တပ်အနီး နေရာအချို့ကို KIAက ထိုးစစ်ဆင်နေသလို ခလရ(၄၇)တပ်ရင်းအနီးဝန်းကျင် ကျေးရွာတွေဘက်ကိုလည်း စစ်တပ်က ထိုးစစ်ဆင်လို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။




















































