အောက်တိုဘာ ၃၀၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ မြောင်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၃၀) ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်းက “Our Ambassador. Our Voice. Our Representative” စာသားကိုင်စွဲကာ ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးအတွက် လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထုရဲ့ အသံဖြစ်ကြောင်း၊ လူထုအသံအစစ်အမှန်ကို ကမ္ဘာကြီးက သိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေးဟာ အရေးကြီးကြောင်းနဲ့ လူထုတရပ်လုံး မိမိတို့ရဲ့အသံ စစ်စစ်မှန်မှန်လွင့်ပျံနိုင်ဖို့ ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ကိုလည်း ရွှေဥက္ကံလူထုသပိတ်မှ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
စစ်တပ် ထိန်းချုပ်ထားတဲ့ မြောင်မြို့ ၊ မြို့မဈေးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးအတွက် ဦးတည်သော FreeHer လှုပ်ရှားမှုအတွက် နှိုးဆော်မှု ပြုလုပ်ခဲ့ပါတယ်။
FreeHer လှုပ်ရှားမှုမှတစ်ဆင့် ပြည်သူလူထုအနေနဲ့ အကြောက်တရားကို ဖယ်ခွာကာ တော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့နဲ့ မတရားဖမ်းဆီးခံထားရသူတွေအတွက် ဆက်လက် အသံထွက်ပေးကြဖို့ သပိတ်ကော်မတီက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – GSCB ၊ ရွှေဥက္ကံလူထုသပိတ်




















































