နိုဝင်ဘာ-၉၊၂၀၂၆။People’s Spring
အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီးအစည်းအဝေး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားမှာ မဟုတ်ကြောင်း တိတိကျကျ ကြိုတင် ထုတ်ပြန်ပေးဖို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များ အဖွဲ့ (APHR) နဲ့ မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M)တို့က အာဆီယံကို တောင်းဆိုလိုက်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၁၆ ကနေ ၁၈ ရက်ထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာကျင်းပမှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာအာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (5PC)ကိုလေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာမြန်မာ့နိုင်ငံရေး ကိုယ်စားလှယ် တက်ရောက်ခွင့်ကို လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပိတ်ပင်ထားခဲ့ပါတယ်။

Public Service Announcement
အဲဒီနောက် အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးပြုပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်သား အစိုးရ အရေခြုံ သမ္မတ ရာထူးကို ရယူခဲ့သလို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အာဆီယံ နိုင်ငံတွေနဲ့ သံတမန်ရေး ထိတွေ့မှုတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လာပါတယ်။
APHR နဲ့ SAC-Mရဲ့ နိုဝင်ဘာ ၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ကြုံနေတဲ့ မင်းအောင်လှိုင်ရော၊ သူ့ရဲ့ လက်အောက်ခံ အရာရှိ တစ်ဦးဦးကိုပါ အာဆီယံက ထိပ်သီး အစည်းအဝေး တက်ခွင့်မပြုဘူးဆိုတာ အခိုင်အမာ အတည်ပြုပေးဖို့ တောင်းဆိုထားပါတယ်။
မင်းအောင်လှိုင်၊ ဒါမှမဟုတ် သူ့ရဲ့ အဆင့်မြင့် အရာရှိ တစ်ဦးဦးကို အစည်းအဝေးတက်ဖို့ ဖိတ်ကြားခြင်းဟာ 5PCကို ပျက်ပြားစေတဲ့ အဓိပ္ပါယ် ဖြစ်သွားလိမ့်မယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားခဲ့ပါတယ်။
ပြီးတော့ နှစ်တွေနဲ့ချီ ကန့်သတ် ပိတ်ပင်ထားရာကနေအာဏာသိမ်းမြန်မာစစ်တပ်ရဲ့ ကိုယ်စားလှယ်တွေကိုအာဆီယံအစည်းအဝေးတွေ ပြန်တက်ခွင့်ပေးလိုက်မယ်ဆိုရင်စစ်တပ် ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုအားပေးထောက်ခံတဲ့အဓိပ္ပါယ်ဖြစ်သွားလိမ့်မယ်လို့လည်းAPHR နဲ့ SAC-Mတို့ကသတိပေးခဲ့ပါတယ်။
အာဆီယံက တစ်ထစ် အလျှော့ပေးလိုက်တဲ့ မြန်မာစစ်တပ်ဟာပိုပြီးဆိုးရွားတဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ အတင့်ရဲလာခဲ့တာကိုလည်းအဖွဲ့အစည်းနှစ်ခုက မီးမောင်းထိုးပြထားပါတယ်။
ဥပမာ အနေနဲ့ ဇူလိုင် ၁၂ ရက်နေ့တုန်းကအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အာဏာသိမ်းစစ်တပ်ခန့်အပ်တဲ့နိုင်ငံခြားရေး ဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံချိန် ကရင်ပြည်နယ်ထဲကအရပ်သားပြည်သူတွေကတော့ စစ်တပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ ခံနေခဲ့ရပါတယ်။
အောက်တိုဘာ လလယ်မှာတော့ စစ်တပ်ရဲ့ ကာကွယ်ရေး ဝန်ကြီးက အရပ်သားတွေကို လေကြောင်းကနေတိုက်ခိုက်နေတာဟာ ငြိမ်းချမ်းရေးရဖို့အတွက်စစ်တိုက်နေရတာဆိုတာမျိုးကာကွယ်ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့အချက်အလက်တွေအရအောက်တိုဘာတစ်လတည်းမှာတင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ် ၁၂ ဦးအပါအဝင် အရပ်သား ၁၀၀ ကျော် သေဆုံးကြောင်း သိရပါတယ်။
SAC-M ထူထောင်သူတွေထဲမှာပါဝင်ခဲ့တဲ့ယန်ဟီးလီကတော့မြန်မာ့အရေးကို အကြောင်းပြုပြီး အာဆီယံရဲ့ နိုင်ငံရေးပိုင်းနဲ့ ကျင့်ဝတ်ပိုင်း ကျရှုံးမှုတွေ တိုးလာတဲ့ အခြေအနေမျိုးမှာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး အစည်းအဝေး တက်ဖို့ပါ ခွင့်ပြုလိုက်ရင်တော့ မြန်မာစစ်တပ် လုပ်ချင်ရာလုပ်ဖို့ အာဆီယံက လုံးဝ အလျှော့ပေး ခွင့်ပြုလိုက်တဲ့သဘော ဖြစ်သွားလိမ့်မယ်လို့ ပြောပါတယ်။ ဒါဟာ အာဆီယံ သမိုင်းမှာ ဘယ်တော့မှ ဖျက်လို့ မရတော့မယ့် အမည်းစက် ဖြစ်လာမယ်လို့လည်း သူက သတိပေးသွားပါတယ်။
APHR နဲ့ SAC-Mရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မင်းအောင်လှိုင်၊ ဒါမှမဟုတ် သူ့ရဲ့ အဆင့်မြင့် အရာရှိ တစ်ဦးဦးကို ထိပ်သီး အစည်းအဝေးဆီ ဖိတ်ကြားမှာ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အတည်ပြုပေးဖို့၊ 5PCကို မြန်မာက အတိအကျ လိုက်နာ အကောင်အထည်ဖော်မှု ရှိမရှိ တိုင်းတာရာမှာ တိကျတဲ့ စံနှုန်းနဲ့ ကာလတွေ သတ်မှတ်ပေးဖို့၊ မြန်မာစစ်တပ်က လိုက်နာဖို့ ပျက်ကွက်ရင် ပြစ်ဒဏ်တွေ အဆင့်ဆင့် တိုးမြှင့် ချမှတ်ဖို့ ဆိုတာတွေကိုလည်း ထည့်သွင်း တောင်းဆိုသွားခဲ့ပါတယ်။
ဒါ့အပြင်အာဆီယံ အနေနဲ့ တော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ဦးဆောင် ကော်မတီ (SCEF)၊ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် အမျိုးသမီး အဖွဲ့အစည်းတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ လူနည်းစု အသိုင်းအဝိုင်းတွေနဲ့ပါ ထိတွေ့ဆက်ဆံမှုတွေ မြှင့်တင်ဖို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း တိုက်တွန်းထားခဲ့ပါတယ်။
ကိုးကား: SAC-M




















































