နိုဝင်ဘာ-၁၂၊၂၀၁၆။နေ့သစ်/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းက မြစ်ကမ်းဘေး ကျေးရွာတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်အချိန်းအပြောင်း ပြုလုပ်ခဲ့ပြီးနောက် လက်ပန်ဇင်ကျေးရွာက အမျိုးသား ၁ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်မှာ စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ကျွန်းကြီး၊သဲအင်း၊ဝက်ပေါင်(လက်ပန်ဇင်)ရွာတွေမှာ တပ်စွဲထားတဲ့စစ်တပ်က တပ်အချိန်းအပြောင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။
တပ်အပြောင်းအလဲလုပ်ပြီးနောက် လက်ပန်ဇင်ကျေးရွာက လူလတ်ပိုင်းအမျိုးသား ကိုဇော်နိုင်ဆိုသူကို စစ်တပ်က အင်အား၂၀ကျော်နဲ့လာရောက်ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ရာ လက်လွန်သေဆုံးသွားတယ်လို့ သိရပါတယ်။

Public Service Announcement
“မနေ့က အင်အား၂၀ ကျော် လောက်နဲ့လာဖမ်းပြီး ဝိုင်းရိုက်ကြတယ်လို့ ပြောတယ်။စစ်ဆေးရင်း သေသွားတယ်လို့ ပြောတာပေါ့။လူ၂၀ လောက်ဝိုင်းရိုက်မှ တော့ မသေပဲ နေမလား”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စဉ့်ကူးမြို့နယ်အနောက်ခြမ်းက မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်ကအထိုင်ချထားပြီး လက်ပန်ဇင်ရွာရဲ့ တောင်ဘက်က ကြက်တူရွေး၊ဟင်္သာမရွာတွေက ဒေသခံတွေကို စစ်တပ်က ရွာထဲဝင်ခွင့်မပေးသလို တောင်သူစိုက်ပျိုးခွင့်လည်းမပေးတာကြောင့် ဒေသခံတွေဟာ စိုက်ပျိုးခွင့်မရဘဲ စစ်ရှောင်နေရတယ်လို့ လည်းသိရပါတယ်။
သဲအင်းနဲ့လက်ပန်ဇင်ရွာရဲ့ကြားမှာ အဲဒီကျေးရွာ တွေရှိတာဖြစ်ပြီး စစ်တပ်က ကင်းပတ်ကာ အနီးနားကမြစ်အတွင်း တံငါသည်တွေကိုလည်း သေနတ်နဲ့ပစ်ခတ်တာတွေကြောင့် အောက်တိုဘာအတွင်းမှာတံငါသည် လင်မယား ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။





















































