နိုဝင်ဘာ ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ စစ်တပ်စခန်း ၃ခုကို တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၈ဦး သေဆုံးထိခိုက်မှုရှိကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၂ရက် မနက်အစောပိုင်းမှာ ကျိုက်မရောမြို့နယ် တုံစိရွာအနီး ဘိလပ်မြေစက်ရုံ၊ ကော့ဒွန်း-ကော့ပနော့ရှိ စစ်တပ် ဂိတ်စခန်း၊ တရနာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်း တို့ကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
တရနာရွာတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ မရှိပေမဲ့ ဘိလပ်မြေစက်ရုံနဲ့ ကော့ဒွန်း-ကော့ပနော့ ဂိတ်စခန်း တိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးနဲ့ ထိခိုက် ၈ဦး ရှိတယ်လို့ သိရကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
စစ်ဆင်ရေးကို RMA ကျိုက်မရောမြို့နယ် တပ်ဖွဲ့နဲ့ ကော့ကရိတ်မြိုနယ်တပ်တို့ က ဆင်နွှဲခဲ့တာလို့ ထုတ်ပြန်ကာ RMA ရဲဘော်တွေထိခိုက်ကျဆုံးမရှိဟု အသိပေးထားပါတယ်။
မွန်တပ် RMAဟာ မွန်နဲ့ကရင်ပြည်နယ်က အာဏာသိမ်းစစ်တပ်ကို ပြောက်ကျားတိုက်ခိုက်တာ၊ဒရုန်းနဲ့တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။
နိုဝင်ဘာ ၆ရက်ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်းအသိပေးထားပါတယ်။ ကော့ကရိတ်မြို့နယ် သံကလောင်ရွာ၊ ဓမ္မသရွာနဲ့ ကော့ဘိန်းကျေးရွာတွေက စစ်တပ်ကို RMA ဒရုန်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရတယ်လို့ကြားသိရကြောင်း အသိပေးထားပါတယ်။
အောက်တိုဘာ ၃၁ရက်ကလည်း မွန်ပြည်နယ် ရေးမြို့နယ် ဒူးရားရွာဘက်ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို RMAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။ တရက်တည်းမှာပဲ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျွန်းကျေးရွာက စစ်တပ်စခန်းကို RMAက သွားရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပါတယ်။




















































