နိုဝင်ဘာ – ၁၃ ၊၂၀၂၆
ဂျပန် ဝန်ကြီးချုပ် တာဝန်ကို ရယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် စနအဲ တကအိချိဟာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
မနှစ်က နိုဝင်ဘာလတုန်းက ဝန်ကြီးချုပ် ရာထူးကို လက်ခံပြီး မကြာခင်မှာပဲ တကအိချိ ပြောခဲ့တဲ့ မှတ်ချက် စကားတစ်ခွန်းကြောင့် တရုတ်နဲ့ ဂျပန်ကြား ဆက်ဆံရေးတွေ တင်းမာခဲ့ဖူးပါတယ်။ အဲဒီတုန်းက တကအိချိက တကယ်လို့ တရုတ်ကသာ ထိုင်ဝမ်ကို စစ်တိုက်ရင် မဟာမိတ် ထိုင်ဝမ်ကို ကူဖို့အတွက် ဂျပန်ကလည်း တပ်တွေ စေလွှတ်ပေးမယ်လို့ ပြောခဲ့တာပါ။
တရုတ် အစိုးရက တကအိချိရဲ့ စကားဟာ ဂျပန်ရဲ့ စစ်ဝါဒ ပြန်လည်သွတ်သွင်းလိုမှုကို ထင်ဟပ်စေတယ်လို့ စွပ်စွဲပြီး အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အခုတော့ တကအိချိဟာ တရုတ်ကို သွားရောက်ဖြစ်မယ် ဆိုတာကို ဂျပန် အစိုးရက ကြေညာခဲ့ပါတယ်။

Public Service Announcement
ဝန်ကြီးချုပ် တကအိချိဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး အစည်းအဝေးနဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတွေဆီ နိုဝင်ဘာ ၁၆ ကနေ ၁၉ ရက်နေ့ထိ သွားရောက်မယ်လို့ အစိုးရ အဖွဲ့ ဒုတိယ အတွင်းရေးမှူးချုပ် မာဆာနာအို အိုဇာကီက ပြောကြားခဲ့ပါတယ်။
တရုတ်မှာ အေပက်ညီလာခံ တက်ရောက်ချိန် အတောအတွင်း ဝန်ကြီးချုပ်ဟာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဒေသတွင်း စီးပွားရေး ပေါင်းစည်း ဆောင်ရွက်မှု၊ စွမ်းအင်ဖူလုံရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး ကဏ္ဍတွေမှာ ဂျပန်ရဲ့ ရပ်တည်မှု သဘောထားတွေကို တင်ပြ ဆွေးနွေးသွားမယ်လို့လည်း အိုဇာကီက ဆိုပါတယ်။
အရှေ့အာရှ နိုင်ငံရေး အခင်းအကျင်း စောင့်ကြည့်သူတွေကတော့ တကအိချိရဲ့ ခရီးစဉ်အပေါ် တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ သဘောထားနဲ့ တုံ့ပြန်မှုကို အထူးစိတ်ဝင်စားနေပါတယ်။ တရုတ် ခရီးစဉ်မှာ တကအိချိဟာ ရှီနဲ့တော့ တွေ့ဆုံမယ့် အလားအလာ မရှိနိုင်ဘူးလို့ ယူဆရပါတယ်။
ဖိလစ်ပိုင်မှာတော့ အာဆီယံ ညီလာခံ တက်ရောက်ရင်း သီးခြားအစီအစဉ်အဖြစ် Quad အဖွဲ့ရဲ့ ဆွေးနွေးပွဲ တစ်ခုမှာပါ တကအိချိက ပါဝင်သွားမှာ ဖြစ်ပါတယ်။ Quadဟာ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်တို့ ပူးပေါင်းထားတဲ့ မဟာမိတ် အဖွဲ့ဖြစ်ပြီး အာရှ-ပစိဖိတ် ဒေသမှာ တရုတ်ရဲ့ ဩဇာ ဖြန့်ကျက်မှုကို ဟန့်တားဖို့ ရည်ရွယ် တည်ထောင်ထားတဲ့ အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။
တကအိချိဟာ တရုတ်နဲ့ ဆက်ဆံရေး ခါးသီးခဲ့တဲ့အပေါ် ပြန်လည် ကုစားပြင်ဆင်ဖို့ ကြိုးစားနေဟန်ရှိပြီး ပြီးခဲ့တဲ့ လတုန်းက တရုတ်ဆိုတာ ဂျပန်ရဲ့ အရေးပါတဲ့ အိမ်နီးချင်းလို့ မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးတော့ မူဝါဒဆိုင်ရာ မိန့်ခွန်းတစ်ခုထဲမှာလည်း တကအိချိက တရုတ်နဲ့ တည်ငြိမ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ်။
ကိုးကား – AFP





















































