နိုဝင်ဘာ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်တပ်က စစ်ဘေးရှာင်နေကြတဲ့ ကျေးရွာတွေကနေ ဖောက်ထွင်းခိုးယူလာတဲ့ ဆန်နဲ့ စားသောက်ကုန်တွေကို တခြားကျေးရွာတွေကိုပေးပြီး စည်းရုံးရေးဆင်းနေပါတယ်။
ကောလင်းမြို့နယ်က ခန်သာ၊ မင်းကုန်း၊ဖက်ခါးကုန်းနဲ့မုတ်ဝကျေးရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့သလို ဆန်နဲ့ စားသောက်ကုန်တွေ သယ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေက စွယ်ရနဲ့ လျှော်ဖြူကုန်းရွာကိုဝင်ပြီး ဒေသခံ ၁ဦးစီအတွက် ဆီ တစ်ဆယ်သားနဲ့ ဆန် ခုနစ်ဗူးပေးပြီး ဓါတ်ပုံမှတ်တမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
” စစ်မရှောင်ကြဖို့နဲ့ ရိက္ခာတစ်ပတ်စာတာဝန်ယူပေးမယ်လို့ ပြောတယ်။ လူသားတံတိုင်း လုပ်ချင်တာပါ။ စစ်ကြောင်းမှာလည်း တခြားရွာက လူတချို့ကို ခေါ်လာတာတွေ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းတွေက အင်းတော်-ထီးချိုင့်လမ်းကနေတဆင့် ကောလင်းမြို့နယ်ဘက်ကို နိုဝင်ဘာ ၃ရက်မှာ ဝင်ရောက်လာတာပါ။ အင်းတော်၊ ကောလင်း၊ မော်လူးမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေအပြင် မြေပြင်စစ်ကြောင်းက သတ်ဖြတ်လို့ အရပ်သား ၂၀ဦးထက်မနည်း သေဆုံးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” မုတ်ဝရွာမှာဆိုရင် ဘုန်းကြီးကျောင်းကပ္ပိယကို ခေါင်းဖြတ်သတ်သွားတာ။ ၁၂ရက်နေ့က”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
အင်းတော်၊ ကောလင်း၊ မော်လူးမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ကောလင်းနဲ့ ဆက်စပ်နေတဲ့ ကန့်ဘလူမြို့နယ်ကိုလည်း စစ်ကြောင်းဝင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်တပ်စစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်နေကြောင်းကို ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်ဘာလ၁၅ရက်နေ့ညနေမှာ အသိပေးထားပြီးစစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ စစ်ရေးသတင်းတွေ မထုတ်ပြန်ကြားဖို့မေတ္တာရပ်ခံထားပါတယ်။
ကန့်ဘလူမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၆ရက် မနက်အစောပိုင်းကတည်း တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ သိရပါတယ်။






















































