နိုဝင်ဘာ-၁၆၊၂၀၂၆။ကတ်သရင်း/People’s Spring
ယခုလအတွင်း ပေါ်တာဆွဲခံရသူတွေ ဒီကနေ့ နိုဝင်ဘာ ၁၆ရက်မှာ စစ်သင်တန်းတွေရောက်ပြီး စစ်တပ်က ဝေးလံတဲ့ဒေသတွေကို ခွဲပို့ထားတယ်လို့ ပေါ်တာဆွဲခံရသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလကုန်ခါနီးနဲ့ ယခု နိုဝင်ဘာအတွင်း ပေါ်တာဆွဲခံရသူတွေဟာ ဒီကနေ့မှာ စစ်သင်တန်းတွေရောက်ပြီး ၂ရက်တာ ဖုန်းသုံးခွင့်ရတာမို့ ဆက်သွယ်လာကြတယ်လို့ မိသားစုဝင်တချို့က ပြောပါတယ်။
“ကျွန်မမောင်လေးက ၁၁ရက် နေ့ကအဆွဲခံရတာပါ။အခုကျိုင်းတုံမှာလို့ သိရတယ်။ဒီနေ့ စစ်သင်တန်းစတက်ရတယ် ပြောပါတယ်”လို့ မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်မှာ ပေါ်တာဆွဲခံရသူတစ်ဦးရဲ့ မိသားစုဝင်က ပြောပါတယ်။

Public Service Announcement
နောက်၂ရက်ခန့်နေပါက စစ်မှုထမ်းသင်တန်းသားတွေရဲ့ ဖုန်းတွေကို စစ်တပ်ကပြန်သိမ်းမှာလို့လည်း သိရပါတယ်။
ဒါ့အပြင် သာယာဝတီစုဆောင်းရေးတပ်က ပေါ်တာဆွဲခံရသူလည်း ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့စစ်သင်တန်း ရောက်နေတယ်လို့ မိသားစုဝင်က ပြောပါတယ်။
၁၀တန်းအောင်သူ အများစုကတော့ ဗထူးမြို့က စစ်သင်တန်းတက်ရတယ်လို့ သိရပါတယ်။
“ပေါ်တာပါတဲ့သူတွေ ၊ပျောက်သွားတဲ့သူတွေအခုချိန်ပဲ အဆက်အသွယ်ရတာပါ။အခုဆက်သွယ်လို့ရပါပြီ။ နောက်၃၊၄ရက်ဆို ဆက်သွယ်လို့ မရတော့ဘူး။လိုက်ချင်လို့ မဟုတ်ပါဘူး။လမ်းပေါ်ကဆွဲသွားကြတာပါ”လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
စစ်တပ်က စစ်မှုထမ်းအပတ်စဉ်(၃၀)ကို ဒီကနေ့ဖွင့် နိုဝင်ဘာနောက်ဆုံးပတ်မှာ အပတ်စဉ်(၂၈)တွေ သင်တန်းဆင်းမယ်လို့ သိရပါတယ်။
စစ်တပ်က စစ်မှုထမ်းအင်အားတွေသုံးကာ နိုင်ငံအနှံ့စစ်ကြောင်းထိုးနေပြီး အခုလပိုင်းအတွင်း စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲမှာ စစ်မှုထမ်းတပ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နောက်ထပ်လာမယ့် အပတ်စဉ်တွေအတွက် ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ပေါ်တာဆွဲတာတွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း စစ်တပ်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။






















































