Connect with us

Hi, what are you looking for?

သတင်း

ရွှေကျင်ဒေသ စစ်တပ်စစ်ကြောင်းဝင်လာလို့ ကျေးရွာ ၁၅ရွာက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ဆောထိ(ရွှေကျင်) မြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကလေးငယ်တွေ။ ဓာတ်ပုံ - 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻)

နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ဆောထိ(ရွှေကျင်) မြို့နယ်ကို စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသခံပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၇ရက်မှာ စစ်တပ်ကအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံ ၂၉၀၀ ကျော် အရေးပေါ်ထွက်ပြေးတိမ်းရှောင်ကြရတာလို့ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးစဉ် လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေသုံးပြီး အရပ်သား နေထိုင်ရာ ကျေးရွာတွေကို ပစ်မျတ်ထား တိုက်ခိုက်တာ ကျူးလွန်နေလို့ ပြည်သူတွေဟာ ထိတ်လန့် ကြောက်ရွံ့မှု ဖြစ်ကာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ ဇီးဖြူတောင်၊ ပနာဒဲ၊ ထီးဖဒို၊ မဲပျောထာ၊ မောထာ၊ ကဘူးလော၊ ဘလောခို၊ ပလေပလော၊ သဲခေါထာ၊ရဲသောခီး၊ ကော်က၊ ထီးကလားခီး၊ ခမောက်ခွေ၊ ဝါးဖြူတောင်၊ ကျုံတူး စတဲ့ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်းက ကျေးရွာတွေဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNU တပ်မဟာ(၃)၊ တပ်မဟာ(၁)၊ တပ်မဟာ(၄)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆) စတဲ့နယ်မြေဒေသတွေကို စစ်အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေလို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားရာသာမက တိုက်ပွဲမဖြစ်တဲ့အရပ်သား ပြည်သူနေထိုင်ရာရွာတွေကိုလည်း လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေလို့ ပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း မကြာခဏ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ရက်ကလည်း KNU မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ ကစယ်ဒိုမြို့နယ်(သရက်ချောင်းမြို့နယ်) တောင်ပျော်ကျေးရွာအုပ်စုအတွင်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသတွင်းက ကျေးရွာတွေဖြစ်တဲ့ ဝင်းကဖော်ရွာနဲ့ အလယ်စုရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်က မြေပြင်စစ်ကြောင်းထိုးတာနဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အနီးဝန်းကျင် ကျေးရွာတွေက ဒေသခံ ပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်းလည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ