ရုရှား သမ္မတ ဗလာဒီမာပူတင် အင်မတန် တန်ဖိုးထား ဂုဏ်ယူတဲ့ ခရိုင်းမီးယား တံတားကြီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ခြင်းဟာ မကြုံစဖူး ထူးကဲတဲ့ စစ်ဆင်ရေး တစ်ရပ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။
အဲဒီ တံတားကြီးဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားတပ်တွေ ဝင်ရောက် သိမ်းယူခဲ့တဲ့ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှားနိုင်ငံရဲ့ ကမ်းရိုးတန်းနဲ့ ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။ ရထားလမ်းရော၊ ကားလမ်းပါ ယှဉ်တွဲ ဖောက်လုပ်ထားတဲ့ တံတားကြီးဟာ ပူတင်က အရမ်းဂုဏ်ယူစွာနဲ့ ရည်ညွှန်းပြောဆိုလေ့ရှိတဲ့ အခြေခံ အဆောက်အအုံ တစ်ခုလည်း ဖြစ်ပါတယ်။
စုစုပေါင်း ၁၉ ကီလိုမီတာလောက် ရှည်လျားတဲ့ တံတားကြီးဟာ ခရိုင်းမီးယား ရေလက်ကြားကို ဖြတ်သန်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ၂၀၁၆ ကနေ ၂၀၁၉ ထိ ကြာမြင့်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းစဉ်အတွက် ရုရှားဟာ ဒေါ်လာ ၃ ဘီလီယံကျော်လောက်ထိ သုံးစွဲခဲ့ရပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ ယူကရိန်းဟာ Neptuneနဲ့ Flamengo ဒုံးကျည်တွေ၊ ဒရုန်းတွေကို အသုံးပြုပြီး ခရိုင်းမီးယား တံတားကြီးကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေအရ တံတားရဲ့ ကားလမ်း ဆက်သွယ်ထားရာ အပိုင်းဟာ အကြီးအကျယ် ပျက်စီးသွားပြီး တံတား အစိတ်အပိုင်းတွေ ရေထဲ မျောနေတာကို တွေ့ရပါတယ်။ ရထားလမ်း သွယ်တန်းထားတဲ့ အပိုင်းကတော့ အကောင်းအတိုင်း ကျန်နေခဲ့ပါတယ်။

Public Service Announcement
ရုရှားအစိုးရက တံတား တိုက်ခိုက်ခံရမှုကို အတည်ပြုခဲ့ပြီး တံတားကြီးကို ပိုမို ခိုင်မာ ကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လည် ပြုပြင် တည်ဆောက်သွားမယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
ဇီလန်စကီးက အဲဒီတံတားကြီးကို ပစ်မှတ်ထား ဖျက်ဆီးမှုအတွက် ယူကရိန်း စစ်ဘက်နဲ့ လုံခြုံရေး ဌာနတွေဟာ အဆင့် ၇ ခုပါတဲ့ စစ်ဆင်ရေးတွေကို ကြိုတင် အချိန်ယူ အကောင်အထည် ဖော်ခဲ့ကြောင်း ပြောပါတယ်။ တံတားကို မတိုက်ခိုက်ခင် ကတည်းက ဒုံးကျည်တွေ ပျံသန်းမယ့် လမ်းကြောင်းတလျှောက်မှာ ရှိနေတဲ့ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ၊ ရေဒါတွေ၊ ဒရုန်းဖျက်လှိုင်းထုတ် (jammer) စနစ်တွေ အားလျော့ ပျက်စီးသွားအောင် တိုက်ခိုက်ထားခဲ့ကြောင်း၊ အဲဒီနောက်မှာမှ အဓိက ပစ်မှတ်ကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့ကြောင်း သူက ဆိုပါတယ်။
ဇီလန်စကီးက တံတားဆီ ဦးတည် ပျံသန်းသွားတဲ့ ဒုံးကျည်တစ်စင်းကနေ ရိုက်ယူထားတဲ့ ဗီဒီယိုကိုလည်း လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါသေးတယ်။
ယူကရိန်းဟာ အရင်ကလည်း အဲဒီတံတားကြီးကို ပစ်မှတ်ထား တိုက်ခိုက် ဖျက်ဆီးတာတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုလိုမျိုး အဝေးပစ် လက်နက်တွေကို အသုံးပြုခဲ့တာ မဟုတ်ဘဲ ထရပ်ကားတွေ၊ ရေပြင်သွား ဒရုန်းတွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ပြီး တံတားထိ ချဉ်းကပ် ပို့ဆောင်တဲ့ နည်းတွေကို အသုံးပြုခဲ့တာပါ။
ဇီလန်စကီးက တံတားရဲ့ ရထားလမ်းပိုင်းဟာလည်း ဒရုန်းတွေ ထိမှန်တာ ခံခဲ့ရတယ်လို့ ပြောပေမယ့် ဓာတ်ပုံတွေထဲမှာတော့ ရထားလမ်းဖက်အခြမ်း တံတားက အပျက်အစီး ကြီးကြီးမားမား ရှိခဲ့ပုံ မပေါ်တာကို တွေ့ရပါတယ်။ ရုရှား ပို့ဆောင်ရေး ဝန်ကြီးဌာနကလည်း နောက်ပိုင်းမှာ ရထားပြေးဆွဲမှုတချို့ ပြန်လည် စတင်ခဲ့ကြောင်း ပြောပါတယ်။
ယူကရိန်း ထောက်လှမ်းရေးဌာန (SBU)က အပြီးသတ် မစ်ရှင်ကို အကောင်အထည် မဖော်ခင်မှာ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို ချိုးနှိမ်ဖို့ တစ်လလောက် အချိန်ယူပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီနေ့မှာပဲ ရုရှားကလည်း ယူကရိန်းရဲ့ ကိယက်ဗ် မြို့တော်ထဲမှာရှိပြီး ဒီနီပရိုမြစ်ကို ဖြတ်သန်း ဖောက်လုပ်ထားတဲ့ တံတားနှစ်ခုကို ပစ်မှတ်ထားပြီး ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက အတည်ပြုခဲ့ပါတယ်။ တံတားတွေမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ယာဉ်အသွားအလာတွေကိုတော့ အကန့်အသတ်နဲ့ ပြန်လည် စတင်နေပြီလို့လည်း သူက အတည်ပြုသွားပါတယ်။
ကိုးကား: BBC

























































