Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်နဲ့ အမေရိကန်ကြား တိုက်ခိုက်မှုတွေ ပြန်စလာလို့ ဒေသတွင်း နိုင်ငံတွေ လုံခြုံရေး တပ်လှန့်ထား

အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာတဲ့နောက် ပင်လယ်ကွေ့ ဒေသတွင်း အာရပ်နိုင်ငံတွေဟာ လုံခြုံရေး အစီအမံတွေကို တပ်လှန့်ပြီး အသင့်ပြင်ဆင်ထားကြပါတယ်။

ဓာတ်ပုံ - Reuters

အီရန်နဲ့ အမေရိကန်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပြန်လည် စတင်လာတဲ့နောက် ပင်လယ်ကွေ့ ဒေသတွင်း အာရပ်နိုင်ငံတွေဟာ လုံခြုံရေး အစီအမံတွေကို တပ်လှန့်ပြီး အသင့်ပြင်ဆင်ထားကြပါတယ်။

နိုဝင်ဘာ ၁၈ ရက် မနက်အစောပိုင်းတုန်းက အမေရိကန်ဟာ ဟောမုဇ် ရေလက်ကြားထဲက အီရန်ပိုင် ကက်ရှမ်ကျွန်းကို တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် ဘာရိန်း အစိုးရက အီရန်ဖက်က တုံ့ပြန် ပစ်ခတ်တဲ့ ဒရုန်းတွေကို ကြားဖြတ် ဟန့်တားခဲ့ရကြောင်း ကြေညာခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ ဘာရိန်းမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ အလွတ်သဘော အပစ်အခတ် ရပ်စဲထားခဲ့ရာကနေ အခုတော့ တိုက်ခိုက်မှုတွေကို နှစ်ဖက်စလုံးက ပြန်လည် စတင်လာနေတာ ဖြစ်ပါတယ်။ အီရန်က ဒေသတွင်း အာရပ်နိုင်ငံတွေမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကိုပါ လက်တုံ့ပြန်ခဲ့တာကြောင့် စစ်ပွဲဟာ အရှေ့အလယ်ပိုင်းက အမေရိကန် မဟာမိတ် အာရပ်နိုင်ငံတွေထိ ပျံ့နှံ့ ကူးစက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘာရိန်းနည်းတူ နိုဝင်ဘာ ၁၈ ရက် မနက်အစောပိုင်းမှာ ကူဝိတ်စစ်တပ်ကလည်း နိုင်ငံရဲ့ လေပိုင်နက်ထဲမှာ ဒရုန်းခြိမ်းခြောက်မှု အန္တရာယ်တွေ ကြုံလာတာကို တုံ့ပြန်နေကြောင်း ကြေညာပြီး ပြည်သူတွေ အနေနဲ့ လုံခြုံရေး စံနှုန်းတွေကို တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီမတိုင်ခင် နာရီပိုင်း အလိုမှာတော့ အမေရိကန်ဟာ ကက်ရှမ်ကျွန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပြီး ကြီးကြီးမားမား ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် စစ်တပ် အရာရှိ တစ်ဦးကလည်း အမေရိကန် တိုက်လေယာဉ်တွေဟာ ပစ်မှတ်ကို တိတိကျကျ ရှာဖွေ ဖျက်ဆီးနိုင်တဲ့ ပဲ့ထိန်းစနစ်ပါ စစ်လက်နက်တွေကို အသုံးပြုပြီး ကက်ရှမ်ကျွန်းမှာ ရှိနေတဲ့ IRGC ဒုံးကျည်ပစ်လွှတ်မှု စခန်းတစ်ခုကို ချေမှုန်းခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းက အမေရိကန် ပိုင်ဆိုင်မှုတွေအပေါ် အီရန်က ရန်လိုမှု ပြသခဲ့တာကြောင့် တုံ့ပြန်ခဲ့တဲ့ အစီအမံ တစ်ခုလို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။

လက်ရှိ အခြေအနေ အထိတော့ အမေရိကန်ရော၊ အီရန်ပါ တိုက်ခိုက်မှုတွေရဲ့ ပမာဏကို ကန့်သတ် ထိန်းသိမ်းထားပြီး အကြီးစား စစ်ရေးပဋိပက္ခတွေ ပြန်စမလာအောင် သတိထားနေပေမယ့် ဒေသတွင်းမှာ တင်းမာမှုတွေကတော့ မြင့်တက်နေပါတယ်။

နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ပြန်စလာတဲ့နောက် ဒေသတွင်းက ဘာရိန်း၊ ကူဝိတ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ ကာတာစတဲ့ နိုင်ငံတွေဟာ လေကြောင်းကာကွယ်ရေး အစီအမံတွေကို ပိုပြီး နိုးနိုးကြားကြားနဲ့ ပြင်ဆင်ထားကြရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်ဟာ အမေရိကန်ရဲ့ မြို့တော် ဝါရှင်တန်ဒီစီကို ရေဒီယို သတ္တိကြွ ဗုံးတစ်လုံးနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း ထောက်လှမ်းရေး သတင်းတွေအပေါ် အလေးအနက် သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်ကတော့ အဲဒီစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ကျူးကျော်သူ အမေရိကန်ဟာ ကိုယ့်အပြစ်ကို ဖုံးကွယ်ဖို့ မဟုတ်မမှန် သတင်းတွေ လုပ်ကြံဖန်တီးနေတာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ