နိုဝင်ဘာ -၁၈ ၊၂၀၂၆
အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ပါဝင်လာမယ့်သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့ကြပါတယ်။
ပူတင်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) အစည်းအဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ရောက်ရှိနေတာပါ။ နိုဝင်ဘာ ၁၈ ရက်မှာတော့ အိမ်ရှင် သမ္မတ ရှီက ပူတင်ကို အေပက် ညီလာခံနဲ့ မပတ်သက်တဲ့ သီးခြား ဆွေးနွေးပွဲအဖြစ် တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ မိတ်ဆွေဟောင်းကြီးနဲ့ အကြိမ် (၅၀) မြောက် တွေ့ဆုံမှု ဖြစ်တယ်လို့ ရှီက ပူတင်ကို ပြောကြားခဲ့ပါတယ်။ မိတ်ဆွေဟောင်းကြီး ဆိုတာက တရုတ် နိုင်ငံရေး နယ်ပယ်မှာတော့ အရမ်းရင်းနှီး ကျွမ်းဝင်မှုကို ဖော်ပြတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

Public Service Announcement
ရှုပ်ထွေးတဲ့၊ လှိုင်းထန်တဲ့ ကမ္ဘာ့အရေးတွေကြားမှာ တရုတ်နဲ့ ရုရှားရဲ့ ဆက်ဆံရေးကတော့ ပိုပြီး တည်ငြိမ်တဲ့၊ သေချာတဲ့ အဓိပ္ပါယ်တွေကို ယူဆောင်လာနိုင်ခဲ့တယ်လို့လည်း ရှီက ချီးကျူးခဲ့ပါတယ်။ ပူတင်ကလည်း တရုတ်နဲ့ ရုရှားတို့ဟာ ပိုမို တရားမျှတတဲ့ ကမ္ဘာ့ဝင်ရိုး အခင်းအကျင်း တစ်ခုကို အတူတကွ ပူးပေါင်း တည်ဆောက်နေတယ်လို့ ပြောပါတယ်။
သူတို့နှစ်ဦးဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ ထရမ့်နဲ့ပါ တွေ့ဆုံပြီး ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်တွေ သုံးပွင့်ဆိုင် တွေ့ဆုံကြမှာပါ။ ဒါဟာ ပူတင်၊ ထရမ့်နဲ့ ရှီတို့ကြား ပထမဆုံးအကြိမ် သုံးဦးအတူ ဆွေးနွေးမှုလည်း ဖြစ်လာမှာပါ။
ထရမ့်ဟာ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)နဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိလစ်ပိုင်ကို ရောက်ရှိနေရာက ရှန်ကျန်းကို ခရီးဆက်ပြီး ရှီ၊ ပူတင်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။
အေပက်ညီလာခံ အဖွင့်မိန့်ခွန်းမှာတော့ ရှီက နိုင်ငံအသီးသီး အနေနဲ့ လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ကုန်သွယ်မှုမျိုးကို ကျင့်သုံးဖို့ တိုက်တွန်း တောင်းဆိုခဲ့ပြီး တရုတ်ဟာ ယုံကြည် စိတ်ချရတဲ့၊ မူဝါဒရေးရာအရ တည်ငြိမ်တဲ့ ကုန်သွယ်ဖက် ဖြစ်စေမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
အမေရိကန် အစိုးရက အဆင့်မြင့် ကွန်ပျူတာ ချစ်ပ်တွေကို တရုတ်ဆီ ရောက်ရှိမှုကို တားဆီးဖို့ ပိုပြီးတင်းကျပ်တဲ့ ကုန်သွယ်ရေး ကန့်သတ်ချက်တွေ ကျင့်သုံးမယ်လို့ ကြေညာပြီးချိန်မှာ ရှီက အခုလို ပြောဆိုခဲ့တာပါ။ တရုတ် နိုင်ငံခြားရေးနဲ့ စီးပွားရေး ဝန်ကြီးဌာနတွေကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး တရုတ်အပေါ် ထိခိုက်နစ်နာစေမှုတိုင်းကို သင့်တော်သလို တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။
ကိုးကား – Reuters

























































