နိုဝင်ဘာ – ၁၈၊၂၀၂၆
မနှစ်တုန်းကအိမ်နီးချင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးနဲ့ ဆက်စပ်ပြီး ဘန်ကောက်က ဆောက်လုပ်ဆဲ မိုးမျှော်တိုက်ကြီးတစ်ခု ပြိုကျခဲ့တာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံသားအပါအဝင် လူလေးဦးကို ထိုင်းတရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့ပါတယ်။
ဒီနေ့ (နိုဝင်ဘာ ၁၈ ရက်) တရားခွင်မှာတော့ အဲဒီ အဆောက်အအုံကို အဓိက ဖက်စပ်လုပ်ငန်းအဖြစ် တာဝန်ယူ တည်ဆောက်တဲ့ China Railway Number 10 ကုမ္ပဏီရဲ့ တရုတ်နိုင်ငံသား ဒါရိုက်တာ ကျန်းချွမ်လင်ဟာ ထောင်ဒဏ် သုံး နှစ် စီရင်ချမှတ် ခံရပြီး ကုမ္ပဏီကလည်း လျော်ကြေး ဘတ် တစ်သန်း ပေးလျော်ဖို့ ဘန်ကောက်မှာရှိတဲ့ တရားရုံးက အမိန့်ချခဲ့ပါတယ်။
ကျန်းဟာ ၁၉၉၉ ခုနှစ်၊ နိုင်ငံရပ်ခြား စီးပွားရေး လုပ်ငန်းများ ဥပဒေရဲ့ ပုဒ်မ ၄၁ နဲ့ ၄၇ တို့ကို ချိုးဖောက်ခဲ့ကြောင်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီရဲ့ ထိုင်းနိုင်ငံသား ရှယ်ယာရှင် သုံး ဦးဟာလည်း ထောင်ဒဏ် နှစ်နှစ်နဲ့လေးလကနေ လေးနှစ်နဲ့ ကိုးလကြား မတူညီတဲ့ ပြစ်ဒဏ်တွေ စီရင်ချမှတ် ခံခဲ့ရပါတယ်။

Public Service Announcement
အခုအမှုကို ကြားနာစစ်ဆေးရာမှာ ကုမ္ပဏီဟာ နိုင်ငံရပ်ခြား စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ကန့်သတ်ချက်တွေကို ရှောင်ရှားဖို့ ထိုင်းရှယ်ယာရှင်တွေကို အသုံးချခဲ့ကြောင်းလည်း စစ်ဆေး ပေါ်ပေါက်လာစေခဲ့ပါတယ်။
ဘန်ကောက်မှာ အစိုးရ စာရင်းစစ်ရုံး (SAO) ဌာနချုပ် ဖွင့်လှစ်မယ့် ၃၃ ထပ် အဆောက်အအုံသစ် တည်ဆောက်နေမှုဟာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးနဲ့ ဆက်စပ်ပြီး ပြိုကျခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်မှာ လူ ၉၆ ဦးသေဆုံးပြီး ကိုးဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ မြန်မာ ရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ တရားခွင်မှာတော့ ခုံရုံးဟာ ခုခံလျှောက်လဲတဲ့ဖက်က ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် လေးဦးတို့ကို စီရင်ချက်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအဖြစ် ကုမ္ပဏီက ဘတ် တစ်သန်း ဒဏ်ရိုက်ခံရပြီး အဲဒီနောက် ကျန်းနဲ့ ထိုင်းနိုင်ငံသား ရှယ်ယာရှင်တွေပါ ထောင်ဒဏ်တွေ ကျခံခဲ့ကြရတာပါ။
လက်ရှိ စီရင်ချက်တွေဟာ ဆောက်လုပ်ရေး စီမံကိန်းမှာ ရှယ်ယာစည်းမျဉ်းတွေကို မရိုးမသား ချိုးဖောက်ထားတာနဲ့ အဓိက ပတ်သက်နေပြီး ပြိုကျခဲ့တဲ့ SAO အဆောက်အအုံ တည်ဆောက်ရာမှာ အရည်အသွေး စံမမီတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားတဲ့ သီးခြားအမှု တစ်ခုနဲ့ မပတ်သက်ပါဘူး။
အဲဒီ အမှုမှာတော့ ဆောက်လုပ်ရေး စီမံကိန်းမှာ ဖက်စပ် ပါဝင်တဲ့ Italian-Thai Development ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် တချို့ကို စွဲချက်တင်ထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ကိုးကား – The Nation

























































