Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲထိ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန် ဝေဖန်တာက ရူးမိုက်မှုလို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးပြော

ရုရှားပိုင်နက် အတွင်းပိုင်းထိ ယူကရိန်းရဲ့ တိုက်ခိုက်နေမှုတွေကို အမေရိကန်က ဝေဖန်တာဟာ ရူးမိုက်တဲ့ ကိစ္စလို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးက သုံးသပ်သွားခဲ့ပါတယ်။

ဓာတ်ပုံ - EyePress News

ရုရှားပိုင်နက် အတွင်းပိုင်းထိ ယူကရိန်းရဲ့ တိုက်ခိုက်နေမှုတွေကို အမေရိကန်က ဝေဖန်တာဟာ ရူးမိုက်တဲ့ ကိစ္စလို့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးက သုံးသပ်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက ယူကရိန်းဟာ ရုရှားနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ချိတ်ဆက်ပေးထားတဲ့ တံတားကြီးကို ဒရုန်းတွေ၊ ဒုံးကျည်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် တံတားရဲ့ ကားလမ်းအပိုင်း ပြတ်တောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ရထားလမ်းပိုင်းကတော့ အကောင်းအတိုင်းနီးပါး ကျန်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းဟာ ရုရှားရဲ့ စီးပွားရေး လမ်းကြောင်းတွေကို ထိုးနှက်တဲ့ အနေနဲ့ ရေနံချက် စက်ရုံတွေ၊ တခြား အခြေခံ အဆောက်အအုံတွေကိုပါ တာဝေးလက်နက်တွေ အသုံးပြု တိုက်ခိုက်လာပါတယ်။

အဲဒီမဟာဗျူဟာနဲ့ ပတ်သက်ပြီး ဂျာမနီ အပါအဝင် ဥရောပ မဟာမိတ်တွေနဲ့ အမေရိကန်ကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ ရုရှားပိုင်နက်ထဲကို ယူကရိန်းက တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာချိန်မှာ ဥရောပနဲ့ ကနေဒါတို့က ယူကရိန်းအတွက် စစ်လက်နက် အသုံးစရိတ်တွေ ပိုမိုထောက်ပံ့ပေးနေပြီး အမေရိကန်ကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် အစိုးရ လက်ထက်မှာ ယူကရိန်းအတွက် စစ်ရေး အကူအညီတွေကို လျှော့ချ ဖြတ်တောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ မူဝါဒရေးရာ အကြီးအကဲ အဲလ်ဘရစ်ဂျ် ကိုလ်ဘီက ရုရှားပိုင်နက် အတွင်းပိုင်းမှာရှိတဲ့ ရေနံချက် စက်ရုံတွေ၊ ရေနံသိုလှောင်ရုံတွေ၊ စီးပွားဖြစ် ကုန်လှောင်ရုံတွေကို ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ ဗျူဟာက ထိရောက်တဲ့ အကျိုးဖြစ်ထွန်းမှု မရှိတဲ့အပြင် ရုရှားဖက်က အပြင်းအထန် တုံ့ပြန်လာအောင် သွားဆွနေသလို ဖြစ်နေကြောင်း ဝေဖန်ခဲ့ပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ္စ ပစ္စတိုးရီးယက်စ်ကတော့ ရုရှားပိုင်နက်ထဲက မဟာဗျူဟာမြောက် စစ်ရေးနဲ့ စစ်သုံး ဆက်စပ် ပစ်မှတ်တွေကို အခုလို တိုက်ခိုက်တဲ့အပေါ် ဝေဖန်တာကိုက အတော်လေး ရူးမိုက်တဲ့ ကိစ္စတစ်ခုလို့ တုံ့ပြန်ခဲ့ပါတယ်။

တကယ်ဆိုရင် ယူကရိန်းကို ဝေဖန်နေမယ့်အစား ယူကရိန်း ပိုင်နက်ထဲက စွမ်းအင်၊ ရေအရင်းအမြစ်၊ အပူပေးစနစ် အခြေခံ အဆောက်အအုံတွေကို အကြမ်းဖက်မှုဆန်ဆန် နေ့ရောညပါ တိုက်ခိုက်နေတဲ့ ရုရှားရဲ့ လုပ်ရပ်ကို မြင်အောင် ကြည့်သင့်ကြောင်း၊ အဲဒီ တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်လုပ်ရပ်လို့တောင် သတ်မှတ်နိုင်ကြောင်း ပစ္စတိုးရီးယက်စ်က ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဝက်စ်စထရိတင်းကလည်း ပစ္စတိုးရီးယက်စ်နဲ့ အမြင်တူတဲ့ သဘောထား မှတ်ချက်မျိုး ပေးခဲ့ပြီး ယူကရိန်းရဲ့ အဲဒီ တိုက်ခိုက်မှုတွေဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ စစ်မက်ယန္တရားတွေကို ဆုတ်ယုတ် ပျက်စီးစေသလို လူ့အသက်တွေ ကယ်တင်ဖို့ အချိန်လည်း ပိုရစေခဲ့ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။

ယူကရိန်း ကာကွယ်ရေး ဝန်ကြီး ယက်ဗ်ဟာနီ ခါမာရာက ယူကရိန်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်မှုတွေကို မဆုတ်မနစ် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ရုရှားကို ရည်ရွယ်ပြီး သတိပေးခဲ့ပါတယ်။

ရုရှားဆီကို အရမ်းရှင်းလင်း တိကျတဲ့ သတင်းစကားတစ်ခု ပေးပို့ချင်ကြောင်း၊ ယူကရိန်း ပိုင်နက်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတိုင်းအတွက် ယူကရိန်းကလည်း နှစ်ဆသုံးဆ ပိုပြီး အားကောင်းကောင်းနဲ့ လက်တုံ့ပြန်မှာ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ဟာ ယူကရိန်းမှာ အပြည့်အဝ ရှိနေကြောင်း သူက ပြောဆိုသွားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ