ကိုသုညံ ရေးသားသည်။
မနက်ခင်းဈေးခြင်းတောင်းကိုဆွဲပြီးအိမ်ပြန်လာတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ မျက်နှာကို ကြည့်လိုက်ရင်တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေးအခြေအနေကိုအတိအကျသိနိုင်ပါတယ်။
မနက်ခင်းဈေးသွားခါနီးတိုင်း ဒီနေ့ ဘာဟင်းချက်ရမလဲဆိုတာဟာအိမ်ရှင်မတွေအတွက် ပျော်ရွှင်စရာ မဟုတ်တော့ပါဘူး။
မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေကောင်းလား ၊မကောင်ဘူးလားဆိုတာသိဖို့ဘောဂဗေဒပညာရှင်တွေရဲ့ကိန်းဂဏန်းဇယားတွေ၊ဗဟိုဘဏ်ရဲ့ငွေကြေးဖောင်းပွမှုအစီရင်ခံစာတွေကို ရှာဖတ်စရာမလိုပါဘူး။ မိသားစုတွေရဲ့ မီးဖိုချောင်ထဲကဆန်အိုးနဲ့ဟင်းအိုးတွေ ကြည့်ရင်ကို သိနိုင်ပါတယ်။

Public Service Announcement
ကနေ့ခေတ် မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကို နားလည်ချင်ရင် အထူးတလည် ခက်ခဲတဲ့ စီးပွားရေးဝေါဟာရတွေကို လေ့လာနေစရာ မလိုပါဘူး။အရွယ်ရောက်ပြီးသား မိသားစုဝင် ငါးဦးရှိတဲ့ သာမန်အိမ်ထောင်စုတစုရဲ့ အခြေခံအကျဆုံး ထမင်းတနပ်စာ ကုန်ကျစရိတ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကျော်က စစ်တပ်က အာဏာမသိမ်းခင် အခြေအနေတွေနဲ့ နှိုင်ယှဉ်တွက်ကြည့်လိုက်ရုံနဲ့ သိသာလှပါတယ်။
ကျွန်တော်တို့ နေ့စဉ်စားသုံးနေကျ အသားငါးမပါတဲ့၊ အခြေခံအကျဆုံးလူငါးဦးစာ ထမင်းဝိုင်းတဝိုင်းကိုပဲ စံနမူနာထားပြီး တွက်ကြည့်ကြရအောင်ပါ။
အလယ်အလတ်တန်းစား မဂျမ်းတောဆန်နဲ့ ချက်ထားတဲ့ ထမင်းရယ်၊ ကြက်ဥငါးလုံးကို ပြုတ်ပြီး ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်ထားတဲ့ ဟင်းတခွက်ရယ်၊ ကန်စွန်းရွက် ချဉ်ရည်ဟင်း တခွက်ရယ်၊ငရုတ်သီးစိမ်းထောင်းစပ်စပ်လေးရယ်၊ ပြီးတော့ အတို့အမြှုပ်အဖြစ် သခွားသီး တလုံးစ နှစ်လုံးစ စတာတွေပါပါမယ်။
ဒါဟာ မြန်မာမိသားစုတိုင်း မစိမ်းတဲ့၊ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံး ထမင်းတစ်နပ်ပါပဲ။ အမဲသား၊ ဝက်သား၊ ကြက်သားတွေ မပါဝင်သေးတဲ့ သာမန် ဥဟင်းနဲ့ အရွက်ဟင်း သက်သက်သာ ဖြစ်ပါတယ်။
အရင်ဆုံး ဆန်ကနေ စတွက်ကြည့်ရအောင်ပါ။ အရွယ်ရောက်ပြီးသား လူငါးဦး တနပ်စာ ဝဝလင်လင် စားဖို့ဆိုရင် အလယ်အလတ်တန်းစား မဂျမ်းတောဆန် နို့ဆီဘူး လေးဘူးခွဲကနေ ငါးဘူးခန့် လိုအပ်ပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခု မတိုင်ခင်တုန်းက အလယ်အလတ်တန်းစား ဆန်တစ်ပြည်ကို ၁၅၀၀ ကျပ်ဝန်းကျင်လောက်သာ ရှိခဲ့ပါတယ်။ ဒါကြောင့် တနပ်စာ ဆန်ဖိုးဟာ ၇၅၀ ကျပ်ကနေ ၉၀၀ ကျပ်လောက်ပဲ ကျသင့်ပါတယ်။
ဒါပေမဲ့ဒီနေ့ ၂၀၂၆ ခုမှာတော့ အလယ်အလတ်တန်းစား ဆန်တစ်ပြည်ကို ၆၅၀၀ ကျပ်ကနေ ၇၅၀၀ ကျပ်ဝန်းကျင်အထိ ခုန်တက်သွားခဲ့ပါပြီ။ ဆန်ဖိုးသက်သက်တင် တနပ်ကို ၄၂၀၀ ကျပ်ဝန်းကျင် ကျသင့်နေပါပြီ။
ကြက်ဥခရမ်းချဉ်သီးငပိချက်ကို ဆက်ချက်ကြရအောင်ပါ။
၂၀၂၀ ခုတုန်းက ကြက်ဥတလုံးကို ကျပ် ၁၀၀ ရှိခဲ့တာမို့ ငါးလုံးဆိုရင် ၅၀၀ ကျပ် လောက်ပဲ ပေးရပါတယ်။ အခုခေတ်မှာတော့ ကြက်ဥတလုံးကို အရွယ်အစားနဲ့ နေရာဒေသပေါ်မူတည်ပြီး ၆၀၀ ကျပ်လောက် ဖြစ်နေပါပြီ။ ကြက်ဥ
ငါးလုံးဖိုးတင် သုံးထောင်ကျပ် ဖြစ်သွားပါပြီ။
အဲဒီကြက်ဥကို ချက်ဖို့ ခရမ်းချဉ်သီး၂၅ ကျပ်
သား(အစိတ်သား)လောက်လိုပါမယ်။ ၂၀၂၀ တုန်းက ခရမ်းချဉ်သီး ၂၅ ကျပ်သားကို ၂၅၀ ကျပ်ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ ၂၀၀၀ ကျပ်လောက် ဖြစ်နေပါပြီ။
ဒါ့အပြင် ဟင်းချက်ဖို့ စားသုံးဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်နဲ့ ငံပြာရည် စတဲ့ မီးဖိုချောင်သုံး အခြေခံပစ္စည်းဖိုးတွေကိုလည်း ထည့်တွက်ရပါဦးမယ်။ အရင်တုန်းက ဆီနဲ့ တခြားထည့်စရာတွေရဲ့ တစ်နပ်စာဖိုး ၄၀၀ ကျပ်လောက်ပဲ ကုန်ကျခဲ့ပေမဲ့ ကနေ့အချိန်မှာတော့အနည်းဆုံး ၂၅၀၀ ကျပ်ဖိုးလောက် အသာလေး ကုန်ပါတယ်။
ကန်စွန်းရွက် ချဉ်ရည်ဟင်းနဲ့ အတို့အမြှုပ်ဘက်ကို လှည့်ကြည့်ရအောင်ပါ။
ကန်စွန်းရွက် ချဉ်ရည်ဟင်း တအိုးစာအတွက် ကန်စွန်းရွက် နှစ်စည်း၊ မန်ကျည်းသီးမှည့်၊ ငါးပိစိမ်းစား အနည်းငယ် လိုအပ်ပါတယ်။ ၂၀၂၀ တုန်းက ကန်စွန်းရွက် တစည်းကို ၁၀၀ ကျပ်၊ နှစ်စည်းကို ၂၀၀ ကျပ်ပါ။ မန်ကျည်းသီးနဲ့ ငါးပိဖိုး ၁၅၀ ကျပ်လောက်နဲ့ စုစုပေါင်း ၃၅၀ ကျပ်လောက်သာ ကုန်ကျခဲ့ပါတယ်။
အခုအခါမှာတော့ ကန်စွန်းရွက် တစည်းကို ၅၀၀ ကျပ်လောက် ဖြစ်နေတာမို့ နှစ်စည်းကို ၁၀၀၀ ကျပ်၊ မန်ကျည်းသီးနဲ့ ငါးပိဖိုး ၅၀၀ ကျပ်နဲ့ စုစုပေါင်း ၁,၅၀၀ ကျပ်လောက် ကုန်ကျပါတယ်။
ငရုတ်သီးစိမ်းထောင်းနဲ့ သခွားသီး အတို့အမြှုပ်အတွက်ကတော့ ၂၀၂၀ တုန်းက သခွားသီး နှစ်လုံးကို ၁၀၀ ကျပ်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူဖိုး ၂၀၀ ကျပ်လောက်သာ ရှိခဲ့ရာကနေ အခုခါမှာတော့ သခွားသီး နှစ်လုံးကို ၁၂၀၀ ကျပ်၊ ငရုတ်သီးစိမ်းထောင်းစာ ၅၀၀ ကျပ်နဲ့ စုစုပေါင်း ၁၇၀၀ ကျပ် ဝန်းကျင် ကျသင့်နေပါပြီ။
ဒါတွေအပြင် ချန်ထားလို့မရတဲ့ ကုန်ကျစရိတ်တခု ကျန်ပါသေးတယ်။ အဲဒါကတော့ ချက်ပြုတ်ဖို့ လောင်စာစရိတ်ပါ။ လျှပ်စစ်မီး ပုံမှန်မလာတဲ့ ခေတ်ကြီးထဲမှာ မီးသွေး ဒါမှမဟုတ် ဂက်စ်ကို အားကိုးနေရတဲ့အတွက် တနပ်စာ ချက်ပြုတ်ခ လောင်စာဖိုးဟာ ၂၀၂၀ တုန်းက ၂၀၀ ကျပ်ဝန်းလောက်သာရှိခဲ့ပေမဲ့အခုခေတ်မှာတော့ တနပ်စာ လောင်စာဖိုးက အနည်းဆုံး ကျပ်တထောင် လောက်ရှိပါတယ်။
လူ ၅ ဦးစာ အသား၊ ငါးမပါတဲ့ ထမင်းတနပ်စာအတွက် အကြမ်းဖျဥ်းစျေးဖိုးတွေ တွက်ပြီးပါပြီ။
စစ်တပ်က ၂၀၂၁ ခု အာဏာမသိမ်းခင်က အရွယ်ရောက်ပြီးသား လူငါးဦးရှိတဲ့ မိသားစုတစုအတွက် ဆန်၊ ကြက်ဥခရမ်းချဉ်သီးငပိချက်ချက်၊ ကန်စွန်းရွက်ချဉ်ရည်၊ ငရုတ်သီးစိမ်းထောင်း၊ သခွားသီးတို့ ပါဝင်တဲ့ ထမင်းတစ်နပ်စာ စုစုပေါင်း ကုန်ကျစရိတ်ဟာ ၃၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိပါတယ်။
ဒါပေမဲ့ ကနေ့ ၂၀၂၆ ခုမှာတော့ အဲဒီပုံစံတူ၊ အရသာတူ၊ ပမာဏတူ ထမင်းတနပ်စာအတွက် ကျပ် တသောင်းခြောက်ထောင်ကျော်လောက် ကုန်ကျနေပါပြီ။ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ကာလအတွင်းမှာ အခြေခံအကျဆုံး ထမင်းတနပ်ရဲ့ကုန်ကျစရိတ်ဟာငါးဆလောက်အထိမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။
၂၀၂၀ ခု တုန်းက တနေ့ကို မနက်စာ၊ နေ့လယ်စာ၊ ညစာ စားသောက်စရိတ် အားလုံးပေါင်းမှ တရက်ကို ကျပ်ခုနှစ်ထောင် ဝန်းကျင်နဲ့ လည်ပတ်နိုင်ခဲ့တဲ့ မိသားစုတစုဟာ ကနေ့အခါမှာတော့ တစ်နပ်စာ ထမင်းဝိုင်းလေး တဝိုင်းတည်းအတွက်တင် ကျပ် တသောင်းခွဲ ကျော် ကုန်ကျနေပါပြီ။
မနက်စာ လက်ဖက်ရည်ဆိုင်ထိုင်ဖို့၊ မုန့်ဟင်းခါးစားဖို့ မပြောပါနဲ့၊ အိမ်မှာ ကိုယ်တိုင်ချက်စားတဲ့ အသားမပါတဲ့ တနပ်စာထမင်းဝိုင်းလေးအတွက်တင် တစ်လကို ကျပ် ငါးသိန်းဝန်းကျင်လောက် လိုအပ်နေပါတယ်။ တနပ်ထက်ပိုစားရင် ပိုကုန်ကျမှာပါ။
ကုန်ဈေးနှုန်းတွေ ငါးဆနီးပါးတက်သွားသလို ပြည်သူတွေရဲ့ ဝင်ငွေကရော ငါးဆ တက်လာပါရဲ့လား။ အဖြေကတော့ ရှင်းပါတယ်။ တက်မလာပါဘူး။
၂၀၂၀ ခု တုန်းက အခြေခံလုပ်ခလစာဟာ တရက်ကို ၄၈၀၀ ကျပ် ရှိခဲ့ပြီး အိမ်ထောင်စုတစ်စုမှာ လူနှစ်ဦး အလုပ်လုပ်ရင် တနေ့ဝင်ငွေ တသောင်းကျပ် ဝန်းကျင် ရရှိပါတယ်။
အဲဒီ တသောင်းကျပ်ထဲက ၃၅၀၀ ကျပ်ကို တစ်နပ်စာ ထမင်းဖိုး သုံးလိုက်ရင်တောင် ကျန်တဲ့ငွေနဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အခြားအထွေထွေ စရိတ်တွေကို မျှတအောင် သုံးစွဲနိုင်ခဲ့ကြပါတယ်။
ကနေ့ခေတ်မှာ အလုပ်သမား တယောက်ရဲ့ တရက်ဝင်ငွေဟာ ၈၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ် ဝန်းကျင်သာ ရှိနေချိန်မှာ မိသားစုဝင် နှစ်ဦးလုံး အလုပ်လုပ်တာတောင် ရလာတဲ့ တနေ့ဝင်ငွေဟာ တနေ့တာ ထမင်းတနပ်စာကိုတောင် အနိုင်နိုင် ဖြည့်ဆည်းနေရတဲ့ အခြေအနေကို ရောက်နေပါပြီ။
ပိုက်ဆံအိတ်ထဲမှာ တသောင်းတန် အရွက်ရေတွေ များလာပေမဲ့ အဲဒီငွေစက္ကူတွေရဲ့ ဝယ်ယူနိုင်စွမ်းအား (Purchasing Power) က တနေ့ထက်တနေ့ လျော့နည်းလာနေပါတယ်။ ဈေးသည်တွေကိုယ်တိုင်လည်း ဈေးရောင်းရပေမဲ့ အရင်းပြုတ်မသွားအောင် ဈေးနှုန်းတွေကို နေ့စဉ်လိုလို ပြင်ဆင်သတ်မှတ်နေရပြီး ဝယ်သူနဲ့ ရောင်းသူကြားမှာ သက်ပြင်းချသံတွေသာ ဖလှယ်နေကြရပါတယ်။
စီးပွားရေး အကျပ်အတည်းနဲ့ငွေကြေးဖောင်းပွမှု ဆိုတာ နိုင်ငံရေး စကားဝိုင်းတွေထဲက အယူအဆ သက်သက် မဟုတ်ပါဘူး။
အဲဒါဟာ ထမင်းဝိုင်းထဲက ကြက်ဥတလုံး လျော့သွားတာ၊ ဆန်အိုးထဲက ဆန်သားတွေ ကြမ်းသွားတာ၊ ကလေးတွေရဲ့ ကျောင်းမုန့်ဖိုး လျှော့ချလိုက်ရတာနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ဆေးဖိုးဝါးခကို ခြိုးခြံလိုက်ရတာတွေပဲ ဖြစ်ပါတယ်။
၂၀၂၀ တုန်းက ကျပ်သုံးထောင်ကျော်နဲ့ ပြည့်စုံခဲ့တဲ့ မိသားစု ထမင်းဝိုင်းလေးဟာ ဒီနေ့မှာ ကျပ်တသောင်းခွဲကျော် ပေးနေရတာတောင် အရင်လို အရသာရှိရှိ၊ စိတ်အေးလက်အေး မစားနိုင်တော့ပါဘူး။
ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်းမှာ ထမင်းတနပ်ရဲ့ တန်ဖိုးဟာ ငွေကြေးအရ အဆမတန် ကြီးမြင့်လာပေမဲ့ ပြည်သူတွေရဲ့ လုပ်အားတန်ဖိုးကတော့ အောက်ဆုံးအထိ ထိုးကျနေဆဲပဲ ဖြစ်ပါတယ်။
နိုင်ငံရေးကိုစိတ်မဝင်စားပါဘူး နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးလို့ ဆင်ခြေပေးလို့မရတော့ပါဘူး။နိုင်ငံရေးက မီးဖိုချောင်ထဲရောက်လာတာပါ ။မိသားစုထမင်းစား စားပွဲပေါ်အထိနိုင်ငံရေးက ရောက်လာတာဖြစ်ပါတယ်။
ဒါတွေအားလုံးရဲ့အဓိက လက်သည်တရားခံကတော့နိုင်ငံ့အာဏာကို အဆင်ခြင်မဲ့စွာ သိမ်းယူခဲ့တဲ့ ၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း တစ်နိုင်ငံလုံးကို စိတ်တိုင်းကျဖျက်ဆီးနေတဲ့မင်းအောင်လှိုင် ဦးဆောင်တဲ့စစ်အာဏာရှင်တသိုက်ပဲဖြစ်ပါတယ်။



























































