Connect with us

Hi, what are you looking for?

သတင်း

မြန်မာကိုပေးထားတဲ့ကုန်သွယ်ရေး အခွင့်အ​ရေးတွေကို ဥ​ရောပသမဂ္ဂ ရုပ်သိမ်းဖို့ IndustriAll Europe​တောင်းဆို

မြန်မာကိုပေးထားတဲ့ကုန်သွယ်ရေး အကျိုးခံစားခွင့်တွေကိုဥရောပသမဂ္ဂ (EU) အနေနဲ့ရုပ်သိမ်းဖို့ EU ထိပ်တန်းခေါင်းဆောင်တွေထံ ဥရောပစက်မှုလုပ်ငန်းဆိုင်ရာအလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် IndustriAll Europe က တောင်းဆိုလိုက်ပါတယ်။

( စစ်အာဏာသိမ်းမှုကို ပြည်သူ​တွေဆန့်ကျင်ဆန္ဒပြခဲ့စဥ်။ဓါတ်ပုံ-IAGU)

နို၀င်ဘာ-၂၆၊၂၀၂၆။မိုမို/People’s Spring

မြန်မာကိုပေးထားတဲ့ကုန်သွယ်ရေး အကျိုးခံစားခွင့်တွေကိုဥရောပသမဂ္ဂ (EU) အနေနဲ့ရုပ်သိမ်းဖို့ EU ထိပ်တန်းခေါင်းဆောင်တွေထံ ဥရောပစက်မှုလုပ်ငန်းဆိုင်ရာအလုပ် သမားသမဂ္ဂများ အဖွဲ့ချုပ် IndustriAll Europe က တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ IndustriALLရဲ့ထုတ်ပြန်ချက်အရ ဥရောပသမဂ္ဂ (EU)ထိပ်တန်းခေါင်းဆောင်တွေထံပေးတဲ့ စာတစ်စောင်မှာindustri All Europe နဲ့ IndustriALL Global Union တို့ကမြန်မာနိုင်ငံကိုပေးအပ်ထားတဲ့ “လက်နက်မှလွဲပြီး အရာအားလုံး အခွန်ကင်းလွတ်ခွင့်” (Everything But Arms – EBA)ကုန်သွယ်ရေး အကျိုးခံစားခွင့်ကို ရုပ်သိမ်းဖို့ နဲ့ MADE in Myanmar အစီအစဉ်ကို ရပ်တန့်ဖို့တောင်းဆိုထားတာဖြစ်ပါတယ်။

ရပ်တန့်ရမယ့်အစီအမံနှစ်ရပ်စလုံးက နိုင်ငံတကာဥပဒေနဲ့ မကိုက်ညီတဲ့အပြင်စစ်အာဏာရှင်ထံငွေကြေးစီးဆင်းရောက်ရှိစေဖို့အထောက်အကူပြုနေတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းအပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဆုံးဖြတ်ချက်ချပြီးရက်ပိုင်းအကြာအထိဥရောပသမဂ္ဂ (EU)က မြန်မာစစ်အစိုးရကို ဥရောပဈေးကွက်ထံ လွတ်လပ်စွာ တင်ပို့ခွင့် (အခွန်ကင်းလွတ်ခွင့်) ကို ဆက်လက်ပေးအပ်ထားဆဲလို့ဆိုပါတယ်။

ဒါ့အပြင်မြန်မာနိုင်ငံကအထည်ချုပ်ကုန်ပစ္စည်းတွေယူတင်သွင်းနေတဲ့ ဥရောပအထည်အလိပ်အမှတ်တံဆိပ်တွေကို ပံ့ပိုးပေးနေတဲ့ စီမံကိန်းတစ်ခုကိုလည်းဆက်လက်ရန်ပုံငွေထောက်ပံ့ပေးနေဆဲလို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ဥ​ရောပသမဂ္ဂက ကုမ္ပဏီတွေကလည်း စစ်တပ်အတွက် တိုက်ရိုက်ဝင်ငွေရလမ်းကို ဖန်တီးပေးနေပြီး နိုင်ငံခြားငွေမာ (hard currency) ဖြင့် ကုန်သွယ်ကြပြီးအဲဒီငွေတွေက၂၄ နာရီအတွင်းစစ်တပ်သတ်မှတ်နှုန်းထားနဲ့ မြန်မာကျပ်ငွေကို မဖြစ်မနေ လဲလှယ်ရတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ကနိုင်ငံခြားငွေတွေကို အသုံးပြုပြီး လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေကို ဝယ်ယူတာအပြင် ကုမ္ပဏီ သွင်းကုန်/ပို့ကုန် အခွန်အခ တွေ စစ်တပ်ထိန်းချုပ်ထားတဲ့ ဆိပ်ကမ်းတွေက အခကြေးငွေတွေ စတဲ့ အသုံးစရိတ်တွေကို ပေးဆောင်ကြရတယ်လို့ လည်း​ထောက်ပြထားပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး မထိန်းချုပ်နိုင်သော ဒေသတွေကပြည်သူတွေဆီ အကူအညီပေးမှုတွေကိုလည်း စစ်တပ်က ပိတ်ဆို့တားဆီးခဲ့ကာငွေလိမ်ဂိုဏ်း (Scam centres)တွေကြောင့်လည်း မြန်မာနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုဗဟိုချက်တစ်ခု ဖြစ်လာခဲ့တယ်လို့ အသိပေးပါတယ်။

IndustriALL ရဲ့ အထွေထွေအတွင်းရေးမှူး အက်တဲလ်ဟိုအီး “မြန်မာနိုင်ငံမှာပုံမှန်အတိုင်း စီးပွားရေးဆက်လုပ်ဖို့ ဥရောပသမဂ္ဂဘက်က အကြောင်းပြချက်ပေးနေတာဟာ တဖြည်းဖြည်းနဲ့ ပိုပြီး အဓိပ္ပာယ်မဲ့လာပါတယ်။ EU ဟာ အလုပ်သမားသမဂ္ဂ အခွင့်အရေးတွေကို ကြီးကြီးမားမား ချိုးဖောက်နေတာကို ဆုချီးမြှင့်သလို လုပ်နေခဲ့တာကြာပါပြီ။အခုလို ICJ ရဲ့စီရင်ချက်ထွက်ပေါ်လာချိန်မှာဥရောပအနေနဲ့ ရပ်တည်ချက်ကို မပြောင်းလဲဘဲ မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ EBA နဲ့ MADE အစီအစဉ်တွေကို မရုပ်သိမ်းဘူးဆိုရင် လူမျိုးတုံးသတ်ဖြတ်မှုကို ဆုချီးမြှင့်ရာ ရောက်ပါလိမ့်မယ်။ ဥရောပသမဂ္ဂဟာ သူ့ရဲ့ မြန်မာ့အရေး မူဝါဒနဲ့ ပတ်သက်ပြီး သမိုင်းရဲ့ မှားယွင်းတဲ့ဘက်ခြမ်းမှာ ရောက်နေတာသေချာနေပြီး အခုချက်ချင်း ပြန်လှည့်ဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံ(International Labour Conference) မှာမြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ (Article 33) ကို ကျင့်သုံးဖို့ဆုံးဖြတ်ချက်က အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်တပ်ထံ ငွေကြေးစီးဆင်းမှုကို ကန့်သတ်တားဆီးဖို့ စည်းနှောင်ထားတာလို့သူက ဆက်ပြောပါတယ်။

၂၀၂၆နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်းအပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က လူမျိုးတုံးသတ်ဖြတ်မှု မြန်မာနိုင်ငံကျူးလွန်ခဲ့ကြောင်း စီရင်ချက်ချမှတ်ခဲ့ပြီး EU ကလည်း စီရင်ချက်ကို ကြိုဆိုခဲ့တယ်လို့ IndustriAll Europe ရဲ့ အထွေထွေအတွင်းရေးမှူး ဂျူးဒစ် ကာတန်ဒါလင် က ဆိုပါတယ်။

“EU အနေနဲ့ တစ်နေ့မှာ လူမျိုးတုံးသတ်ဖြတ်မှု စီရင်ချက်ကို လက်ခုပ်တီး ကြိုဆိုပြီး နောက်တစ်နေ့မှာ အဲဒီစစ်အာဏာရှင်ကိုပဲ ကျွန်မတို့ရဲ့ ဈေးကွက်ထဲ အခွန်ကင်းလွတ်ခွင့်နဲ့ ဝင်ခွင့်ပေးပြီး ဆက်လက်ဆုချီးမြှင့်နေလို့ မရပါဘူး။ မြန်မာနိုင်ငံရဲ့ ဘဏ်တွေ၊ ဆိပ်ကမ်းတွေနဲ့ အခွန်ရုံးတွေကို ဖြတ်သန်းသွားတဲ့ ယူရိုငွေတိုင်းဟာ စစ်တပ်ကို လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ လောင်စာဆီတွေဝယ်ယူနိုင်အောင် ကူညီပေးနေတာပါ။ ဥရောပနဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ဒီစစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ကုန်သွယ်မှုနဲ့ အကူအညီတွေထက် ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်ပါတယ်။ငွေကြေးစီးဆင်းမှုတွေကိုဖြတ်တောက်ရမယ့် အချိန်တန်ပါပြီ”လို့ သူမကပြောပါတယ်။

ဘက်စုံပိတ်ဆို့အရေးယူမှု (comprehensive sanctions) ကသာလျှင် နိုင်ငံတကာဥပဒေနဲ့ကိုက်ညီမှာဖြစ်ပြီး စစ်အာဏာရှင် ဆက်လက်ရှင်သန်ဖို့ လိုအပ်နေတဲ့ ငွေကြေးတွေကိုဖြတ်တောက်နိုင်မယ်လို့ industri All Europe နဲ့ IndustriALL Global Union တို့က ထပ်လောင်း သတိပေးပါတယ်။

industriAll Europe ဟာ ဥရောပတစ်ဝန်းက စက်မှုလုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂတွေကို စုစည်းထားတဲ့ အဖွဲ့ချုပ်ဖြစ်ပြီး IndustriALL Global Union က ကမ္ဘာတစ်ဝန်းက သတ္တုတူးဖော်ရေး၊ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍ အလုပ်သမားသမဂ္ဂ တွေကို စုစည်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ