ကသာမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ယာဉ်တန်းကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)နှင့်ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ပူးပေါင်းပြီး ယနေ့ညနေပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်များနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဇူလိုင် ၉ရက် ညနေ ၆နာရီ ၁၅မိနစ်ခန့်တွင် ကသာ – ဗန်းမော် လမ်းပိုင်း ပေါမမြိုင်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။
“ဖြစ်တဲ့နေရာက ကသာမြို့ထဲနဲ့တော့ နည်းနည်း လှမ်းပါတယ်။ ဆယ့်ငါးမိနစ်လောက်နားသွားပြီး အခုပြန်ပစ်နေတယ်” ဟု ကသာမြို့ခံတစ်ဦးက ပြောသည်။
ပစ်ခတ်သံများကို မြို့ပေါ်မှ ကြားနေရကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်များနိုင်ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
“သေနတ်သံတွေ မကြားရခင်က စစ်ကားနှစ်စီးတက်သွားတယ် မိုးတားဘက်ကို။စစ်ကောင်စီဘက်က သေမယ်ထင်တယ်။ သေနတ်သံတွေ အဆက်မပြတ်ကြားနေရတာ။ ပြီးတော့ အခုဖြစ်တာ ပေါမ တံတားအကွေ့မှာ ဆိုတော့ ပြေးလမ်းက မရှိဘူး ဘယ်ညာ ကမ်းပါးကြီးလေ။ ကြားမှာက ကားလမ်း။ အထက်စီးက အသာယူပြီး ပစ်ကြတာနေမှာဟု” ဟု ကသာမြို့ခံက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ရက်ကလည်း ကသာမြို့နယ် မိုးတားအုပ်စု ရွှေကျောင်းကုန်း ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KIA+PDF(ကသာ)တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့်သေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ကသာ PDFက သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ ညနေပိုင်းဖြစ်ပွားသည့် တိုက်ပွဲသတင်းကိုမူ ကသာ PDFက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ယင်းဖြစ်စဉ်မတိုင်ခင်ကလည်း တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့သည်။


















































