စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများအား လက်နက်ကြီးနှင့်ပါ ပစ်ခတ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ ငါးဦးခန့်သေဆုံးနိုင်ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။
ယမန်နေ့(မတ်လ ၂၀ ရက်)ည ၁၀နာရီခွဲခန့်က မင်းကင်းမြို့နယ် ကျော်ရွာသို့ထွက်လာသော စစ်ကားတစ်စီးနှင့် ဆိုင်ကယ်သုံးစီးကို မယ်မဲတောင်ကုန်းအနီးတွင် တောင်တွင်းပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ TDPDF(MinGin)အဖွဲ့မှ မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်သုံးစီး မိုင်းထိသွားပြီး အကြမ်းဖက်စစ်သား ငါးဦးခန့်သေဆုံးနိုင်ကြောင်း TDPDF(MinGin)အဖွဲ့က သတင်းထုတ်ပြန် သည်။
“တောင်တွင်းအောက်ဖက်ပိုင်းမှာက သုံးနေရာခွဲပြီးတပ်စွဲထားတာ အခုလာတဲ့အဖွဲ့က ဘယ်အဖွဲ့ကလို့ သေချာမသိရပါဘူး။ကျော်ရွာကိုလာတာတော့သေချာတယ်။ ကျော်ရွာမှာ တပ်စွဲပြီး ပျူစောထီး သင်တန်းပေးမယ်လို့ ကျွန်တော်တို့ကြားသိထားရပါတယ်”ဟု TDPDF(MinGin) အဖွဲ့က အသိပေးသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်အား ၎င်းတို့တပ်စွဲထားရာ အနီးတဝိုက်ရှိကျေးရွာများကို ဝင်ရောက်မွှေနှောက်ခြင်း၊ လက်ဝတ်ရတနာများနှင့် ငွေကြေးများအား အဓမ္မယူဆောင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ပြီး ဒေသခံပြည်သူများ၏ ဆိုင်ကယ်များကိုလည်း ဖျက်ဆီးခြင်း ယူဆောင်သွားခြင်းများ ပြုလုပ်သွားကြောင်း၊အဆိုးဆုံးမှာ အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်နေခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများထံမှ ဆီပုန်းများ ဆန်အိတ်များကိုလည်း ယူဆောင်သွားပြီး စစ်ဘေးရှောင်ပြည်သူများတည်ရှိရာအရပ်သို့ လက်နက်ကြီးများနှင့် ပစ်ခတ်ခြောက်လှန့်မှုများလည်း ညစဥ်ပြုလုပ်လျက်ရှိကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TDPDF(MinGin)က သတင်းထုတ်ပြန်သည်။

Public Service Announcement


















































