ကရင်နီ(ကယား)ပြည်နယ်နှင့်ဆက်စပ်ဒေသများ၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုနှစ်သုံးလအတွင်း တိုက်ပွဲ ၆၇ကြိမ်ရှိပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၃၅၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။
ကယားပြည်နယ်နှင့် ရှမ်း – ကယာ နယ်စပ်ဒေသများ၌ ယခုနှစ် ဇန်နဝါရီ၁ရက်မှ မတ်လ ၃၁ရက်အထိ ဒီးမော့ဆို PDFအပါအဝင် ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲများဆက်တိုက် ဖြစ်ခဲ့သည်။
အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည့်အပြင် ၎င်းတို့၏ လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဒီးမော့ဆို PDF ရဲဘော် ၁၄ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူအချို့လည်းရှိကြောင်း ဖော်ပြထားသည်။ အခြားသော တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများလည်းရှိသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီးများ တာဝေးပစ်အမြောက်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
စစ်ကောင်စီတပ်များသည် ပြည်သူလူထုနေအိမ်များကိုလည်းမီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်စုစုပေါင်း ၄၉၅လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ လက်နက်ကြီးများ၊ တာဝေးပစ်အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်၍ အိမ် ၉၄လုံး ပျက်စီးခဲ့ရကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ် သတ်ဖြတ်၍ အရပ်သားပြည်သူရှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ဒီးမော့ဆို PDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။


















































